Citta

ပထမဆင့် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ လူသားတို့ ဘဝတစ်ခု အစပြုချိန်၌ လက်ဦးစွာ ဖြစ်ပေါ်လာသောစိတ်ကို ဖော်ပြ၍၊ မူးယစ်ဆေးဝါး သုံးစွဲမှုသည် အပြစ်မရှိဟု ယူဆကာ ရွှင်ပြတက်ကြွစွာ သုံးစွဲသူ၌ ဖြစ်သောစိတ်ကိုလည်း ရေးပြခဲ့ပါ။
လူသားတို့ ဘဝတစ်ခု အစပြုချိန်၌ လက်ဦးစွာ ဖြစ်ပေါ်လာသောစိတ်
“ထိုထိုဘုံဘဝတို့၌ ပဋိသန္ဓေနေသော သတ္တဝါတို့အား အစ၌ ဝီထိစိတ်၏အစွမ်းဖြင့် လောဘသဟဂုတ် စိတ္တုပွါဒ်တို့သာ ဖြစ်၏” ဟု ဋီကာဆရာ ဖော်ပြချက်အရ လူသားတို့ ဘဝတစ်ခုအစပြုချိန်၌ ပဋိသန္ဓေစိတ် ဖြစ်ပြီးသည့်နောက် ဘဝင်စိတ် အနည်းငယ်ဖြစ်ပြီး မိမိရောက်ရှိနေသည့် လူ့ဘဝကို တပ်နှစ်သက်သော ဘဝ နိကန္တိကလောဘဇောဝီထိစိတ် လက်ဦးစွာ ဖြစ်ပေါ်လာပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုသည် အပြစ်မရှိဟုယူဆကာ ရွှင်ပြတက်ကြွစွာ သုံးစွဲသူ၌ ဖြစ်သောစိတ်မှာ-
“သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူ ပထမစိတ်” ဖြစ်ပါသည်။

၂။ မူးယစ်ဆေးဝါး သုံးစွဲနေစဉ် စိတ်ပျံ့လွင့်တုန်လှုပ်နေသည်ဖြစ်ရာ မူးယစ်ဆေးဝါးသုံးစွဲသူသည် တိုက်အိမ်ကောင်းကောင်း မြင်ရာ၌ ဝမ်းမြောက်မှုဖြစ်နိုင် မဖြစ်နိုင်၊ ရန်သူကိုမြင်ရာ၌ စိတ်မချမ်းသာမှု ဖြစ်နိုင်- မဖြစ်နိုင် အကြောင်းပြ ဆုံးဖြတ်ခဲ့ပါ။
မူးယစ်ဆေးဝါးသုံးစွဲသူသည်-
တိုက်အိမ်ကောင်းကောင်းကို မြင်ရာ၌ – ဝမ်းမြောက်မှု မဖြစ်နိုင်ပါ။
ရန်သူကိုမြင်ရာ၌လည်း – စိတ်မချမ်းသာမှု မဖြစ်နိုင်ပါ။
အကြောင်းမှာ- စိတ်ပျံ့လွင့်တုန်လှုပ်နေခြင်းသည် ဥဒ္ဓစ္စစေတသိက်၏ သဘောကြောင့်ဖြစ်ပြီး ထိုသူ၌ “ဥပေက္ခာ သဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ်” ဖြစ်ပေါ်နေပါသည်။ ထိုမောဟမူစိတ်သည် အလွန်တွေဝေ၊ အလွန်တုန်လှုပ်သောကြောင့် အလုံးစုံသော ဣဋ္ဌာရုံကို မြင်ရသော်လည်း ဝမ်းမြောက်မှု (သောမနဿ) မဖြစ်နိုင်ပါ။ ရန်သူဟူသော အနိဋ္ဌာရုံကို မြင်ရသော်လည်း စိတ်မချမ်းသာမှု (ဒေါမနဿ) မဖြစ်နိုင်ပါ။ ဥပေက္ခာ သဟဂုတ်စိတ်သာ ဖြစ်ပါသည်။
မောဟမူစိတ် အလွန်တွေဝေရခြင်းမှာ – လောဘ၊ ဒေါသဟူသော အခြားမူလ ၂- ပါးတို့ မယှဉ်ကြ၊ မောဟမူလတစ်ပါးသာ ယှဉ်၏။ ထိုသို့ တစ်ပါးတည်းသာယှဉ်ရသော မောဟသည် လောဘ၊ ဒေါသတို့၏ သဘောသို့ မလိုက်လျောရသဖြင့် မိမိသဘောအတိုင်း လွတ်လွတ်လပ်လပ် တွေဝေခွင့်ရပါသည်။
မောဟမူစိတ် အလွန်တုန်လှုပ်ရခြင်းမှာ – အာရုံ၌ ပျံ့လွင့်ခြင်း၏အစွမ်းဖြင့်ဖြစ်သော ဥဒ္ဓစ္စနှင့် အမြဲယှဉ်သောကြောင့် အလွန်တုန်လှုပ်ရပါသည်။

၃။ ဆူးလေ၊ မဟာဝိဇယ၊ ရွှေတိဂုံ စသော စေတီတော်များအား ငွေပေါင်းမြောက်များစွာကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အစဉ်မပြတ် လှူဒါန်းလျှက်ရှိကြရာ ယင်းသို့ လှူဒါန်းရာ၌ ဝမ်းမြောက်ရွှင်လန်းစွာ လှူဒါန်းနိုင်ကြခြင်း၏ အချက်အလက်များကို အစဉ်မပြတ်အောင် တင်ပြပါ။
ဆူးလေ၊ မဟာဝိဇယ၊ ရွှေတိဂုံ စသော စေတီတော်များအား ငွေပေါင်းမြောက်များစွာကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အစဉ်မပြတ် လှူဒါန်းလျှက်ရှိကြရာ ယင်းသို့ လှူဒါန်းရာ၌ ဝမ်းမြောက်ရွှင်လန်းစွာ လှူဒါန်းနိုင်ကြခြင်း၏ အချက်အလက်များကို အစဉ်မပြတ်အောင် တင်ပြရသော်- မဟာကုသိုလ် သောမနဿဖြစ်ကြောင်းများ ဖြစ်သော-
(၁) အားကြီးသော သဒ္ဓါရှိခြင်း
(၂) ပညာအမြော်အမြင်နှင့် ပြည့်စုံခြင်း
(၃) လှူဖွယ်ပစ္စည်း၊ အလှူခံပုဂ္ဂိုလ်စသည်တို့နှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။

၁၉၉၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရတနာမြတ်သုံးပါးတို့အား နေ့စဉ် ရှိခိုးပူဇော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ လက်တွေ့ရရှိခံစားရသည့် အကျိုးကျေးဇူးများကို အများနားလည်အောင် ရေးပြပါ။
ရတနာမြတ်သုံးပါးတို့အား နေ့စဉ်ရှိခိုးပူဇော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ လက်တွေ့ ရရှိခံစားရသည့် အကျိုးကျေးဇူးများမှာ-
ရတနာမြတ်သုံးပါးတို့အား နေ့စဉ်ရှိခိုးပူဇော်ခြင်းကြိယာကို ပြီးစေသော မဟာကုသိုလ်စေတနာသည် ရှိခိုးထိုက်သော ရတနာသုံးပါး၏ ခေတ္တ၊ ရှိခိုးတတ်သော ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ အဇ္ဈာသယနှင့် ပြည့်စုံခြင်းကြောင့် ယခုပစ္စုပ္ပန်ဘဝ၌ပင်-
(၁) အကြင်ရအပ်ပြီးသောအကျိုးနှင့် ပြည့်စုံခြင်း၏ အကြောင်းဖြစ်သော ဇနကကံအား အားအဆင့်ပေးခြင်း၊
(၂) ထိုဇနကကံသည် ဖြစ်စေအပ်သော အကျိုးဝိပါက်အစဉ်၏ အန္တရာယ်ကို ပြုတတ်သော ဥပပီဠက၊ ဥပေစ္ဆေဒကကံတို့ကို တားမြစ်ခြင်း၊
(၃) ထို ဥပပီဠက၊ ဥပစ္ဆေဒက ကံတို့ကြောင့် ဖြစ်ပေါ်ကြသည့် အကြင်အကြင် အလိုရှိအပ်သော အကျိုးတို့ကို တားမြစ်ကုန်သော ရောဂါအစရှိသော အန္တရာယ်တို့၏ မဖြစ်ခြင်း၊
စသော အကျိုးကျေးဇူးများကို လက်တွေ့ရရှိခံစားကြရမည် ဖြစ်ပါသည်။

၂။ မဖောက်ပြန်သည့် ရုပ်ပရမတ်ကို အဘယ်သဘာဝတရားများက ဖောက်ပြန်အောင် ဖန်တည်းပေးနေပါသနည်း၊ ဖြေဆိုပြီးလျှင် ရုပ်ပရမတ်၏ ဖောက်ပြန်နေပုံသဘာဝကိုလည်း ဖြေဆိုပါ။
မဖောက်ပြန်သည့် ရုပ်ပရမတ်ကို အအေး၊ အပူစသော ဆန့်ကျင်ဘက် သဘာဝတရားများက ဖောက်ပြန်အောင် ဖန်တည်းနေပါသည်။
(အအေး၊ အပူ စသည်အရ – ထမင်းဆာမှု၊ ရေငတ်မှု၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ မြွေတို့၏ ထိတွေ့ကိုက်ခဲမှုတို့အပြင် ကံ၊ စိတ်၊ အာဟာရတို့ကြောင့်လည်း ရုပ်ဖောက်ပြန်နိုင်ပါသည်။)
ရုပ်ပရမတ်၏ ဖောက်ပြန်နေပုံသဘာဝ – သီတ (အအေး) စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ ပေါင်းဆုံညီညွတ်ခဲ့သော် ရှေးရုပ်အစဉ်နှင့်မတူ၊ ထူးခြားသောအားဖြင့် နောက်ရုပ်အစဉ်၏ ဖြစ်ပေါ်လာခြင်းသည် ရုပ်ဖောက်ပြန်ခြင်းပင် ဖြစ်ပါသည်။
ဥပမာ – အအေးဥတုကြောင့် အအေးရုပ်အစဉ် ဖြစ်နေခိုက်၌ အပူဥတုဖြစ်ပေါ်လာ၍ အအေးရုပ်အစဉ် ကွယ်ပျောက်ပြီး အပူရုပ်အစဉ် ဖြစ်ပေါ်လာမှုမျိုးတည်း။

၃။ အယူအမြင်မှားနေသူတစ်ဦးကို အမြင်မှန်ရအောင် သင်မည်သို့ ဆောင်ရွက်ပေးမည်နည်း၊ ဖြေဆို၍၊ ပုထုဇဉ် နှင့် ဈာန်ရပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်များ သန္တာန်ဝယ် ရရှိဖြစ်ပေါ်လာသည့် သဘာဝချင်းမတူသော ကုသိုလ်သုံးမျိုးတို့၏ စွမ်းအင်သတ္တိသုံးမျိုးကိုလည်း ရေးပြပါ။
အယူအမြင်မှားနေသူတစ်ဦးကို အမြင်မှန်ရအောင် ကျွန်ုပ်သည် –
(၁) အယူဖောက်ပြန်ပျက်စီးသောပုဂ္ဂိုလ် (မိစ္ဆာအယူရှိသော တိတ္ထိများ) ကို လေးစားမြတ်နိုးလျက် ထိုသူတို့နှင့် တွဲဖက်ပေါင်းသင်းခြင်း မပြုမိစေရန်လည်းကောင်း၊
(၂) သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တည်းဟူသော မိစ္ဆာအယူအာသယ တစ်ပါးပါးမှ လွတ်ကင်းစေရန်လည်းကောင်း ဆောင်ရွက်ပေးပါမည်။
ပုထုဇဉ်နှင့် ဈာန်ရပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်များသန္တာန်ဝယ် ရရှိဖြစ်ပေါ်လာသည့် သဘာဝချင်းမတူသော ကုသိုလ်သုံးမျိုးမှာ- ကာမကုသိုလ်၊ မဟဂ္ဂုတ်(ရူပ၊ အရူပ) ကုသိုလ်နှင့် လောကုတ္တရာကုသိုလ်ဟူ၍ အစဉ်အတိုင်းဖြစ်ပါသည်။
ထိုကုသိုလ်သုံးမျိုးတို့၏ စွမ်းအင်သတ္တိသုံးမျိုးကို ပြရသော်-
(၁) ကာမကုသိုလ်သည် ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်နိုင်၏။
(၂) မဟဂ္ဂုတ် (ရူပ၊ အရူပ) ကုသိုလ်သည် ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတ်နိုင်၏။
(၃) လောကုတ္တရာကုသိုလ် (မဂ် ၄-ပါး)သည် ကိလေသာတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် ပယ်သတ်နိုင်၏။

၁၉၉၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ္တသဘာဝတို့ကို လေ့လာကျွမ်းကျင်ပြီးသော စိတ်ပညာရှင်တစ်ဦးအနေဖြင့် စိတ်နှင့်ပတ်သက်၍ သိအပ်သော သဘောအဓိပ္ပါယ်တို့ကို စုံလင်စွာ ဖွင့်ဆိုပြပါ။
စိတ်နှင့်ပတ်သက်၍ သိအပ်သော သဘောအဓိပ္ပါယ်တို့မှာ-
(၁) အာရုံကို သညာသိ၊ ပညာသိတို့ဖြင့် သိပုံမှ ထူးခြား၍ အာရုံတစ်ခုခုကို ရအောင်ယူခြင်းဖြင့် အာရုံကို သိတတ်သောသဘောသည် “စိတ်” မည်၏။
(၂) ဖဿ စသော သမ္ပယုတ်တရားတို့၏ အာရုံကိုသိကြောင်းဖြစ်သောကြောင့် “စိတ်” မည်သည်။
(၃) အာရုံကို သိခြင်းမျှဖြစ်သောကြောင့် “စိတ်” မည်၏။
၎င်းအပြင် “စိတ္တ” သဒ္ဒါ၏ ရနိုင်သမျှ အနက်အဓိပ္ပါယ်များကို ဖွင့်ဆိုပြရသော်-
(၁) ဆန်းကျယ်သော ပန်းချီရုပ်၊ ပန်းပုရုပ် စသည်ကို ပြုလုပ်တတ်သောကြောင့် “စိတ်” မည်၏။ (ဝုဋ္ဌော၊ ကာမဇော- ၂၉၊ အဘိညာဉ်ဒွေးဟူသော ၃၂- ပါးသော စိတ်တို့ကိုရ၏။)
(၂) ဆန်းကျယ်သောဂတိ စသည်ကို ပြုလုပ်တတ်သောကြောင့် “စိတ်” မည်၏။ (လောကီကုသိုလ်၊ အကုသိုလ်စိတ်တို့ကို ရ၏။)
(၃) မိမိကိုယ်တိုင်က ဇာတိ၊ ဘူမိ၊ သမ္ပယောဂ၊ သင်္ခါရစသည်အားဖြင့် တစ်ပါးနှင့်တစ်ပါး ထူးခြားဆန်းကျယ်သည်၏အဖြစ်ကြောင့် “စိတ်” မည်၏။ (စိတ်အားလုံးကို ရ၏။)
(၄) ကံ၊ ကိလေသာတို့သည် ဆည်းပူးအပ်သောကြောင့် “စိတ်” မည်၏။ (ဝိပါက်စိတ်ကို ရ၏။)
(၅) ကံ၊ ကိလေသာတို့သည် စီရင်အပ်၊ ဖြစ်စေအပ်သော အတ္တဘော (ဝိပါက်ဝိညာဉ်)ကို စောင့်ရှောက်တတ်သောကြောင့် “စိတ်”မည်၏။ (ဝိပါက်စိတ်ကို ရ၏။)
(၆) မိမိဟူသော ဇောစိတ်အစဉ်ကို (တစ်နည်း) အလုံးစုံသော စိတ်အစဉ်ကို စီရင်တတ်၊ ဖြစ်စေတတ်သောကြောင့် “စိတ်” မည်၏။ (ဇောစိတ်- တစ်နည်း စိတ်အားလုံးကို ရ၏။)
(၇) ဆန်းကျယ်သော အာရုံရှိသောကြောင့် “စိတ်” မည်၏။ (စိတ်အားလုံးကို ရ၏။)

၂။ လူတစ်ယောက်တွင် ခန္ဓာကိုယ်တစ်ခုသာရှိပါလျက် အဘယ်ကြောင့် ကာယဝိညာဏ်ဒွေးဟု ဆိုပါသနည်း၊ ဖြေဆို၍၊ ထိုကာယဝိညာဉ်ဒွေးသည် အများနည်းတူ ဥပေက္ခာမဖြစ်ပဲ ဒုက္ခ၊ သုခဖြစ်ရခြင်း အကြောင်းကိုလည်း ရှင်းပြပါ။
လူတစ်ယောက်တွင် ခန္ဓာကိုယ်တစ်ခုသာ ရှိပါသော်လည်း- မိမိပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကျိုးဝိပါက်သည်လည်း-
(၁) ဣဋ္ဌဖောဋ္ဌဗ္ဗာရုံဖြစ်က – အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်
(၂) အနိဋ္ဌဖောဋ္ဌဗ္ဗာရုံဖြစ်က – အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ဟု နှစ်မျိုးကွဲပြားမည်ဖြစ်သောကြောင့် ကာယဝိညာဏ်ဒွေးဟု ဆိုရခြင်းဖြစ်ပါသည်။
ထိုကာယဝိညာဏ်ဒွေးသည် အများနည်းတူ ဥပေက္ခာမဖြစ်ပဲ ဝတ္တု၊ အာရုံတို့ ထိခိုက်မှုအားနည်းသောကြောင့် အနိဋ္ဌာရုံ၌ ဒုက္ခသဟဂုတ်၊ ဣဋ္ဌာရုံ၌ သုခသဟဂုတ်ဖြစ်ရပါသည်။
ရှင်းလင်းပြရသော်- ကာယဝိညာဏ်၏အာရုံကား ဖောဋ္ဌဗ္ဗာရုံဟုဆိုအပ်သော မဟာဘုတ်ရုပ် ၃- ပါးဖြစ်၏။ ထိုဖောဋ္ဌဗ္ဗာရုံသည် ဥပါဒါရုပ်ဖြစ်သော ကာယပသာဒရုပ်၌ ထိခိုက်သည်ရှိသော် ထိုကာယပသာဒရုပ်ကို လွန်၍ ထိုကာယပသာဒရုပ်၏ မှီရာဖြစ်သော မဟာဘုတ်တို့၌ သွား၍ ထိခိုက်ပါသည်။
ဘူတရုပ်တို့က ဘူတရုပ်တို့ကို ထိခိုက်ခြင်း (မဟာဘုတ်အချင်းချင်း ထိခိုက်ခြင်း) သည် ပေပေါ် (သံတုံးပေါ်)၌ ဝါဂွမ်းစိုင်ကိုတင်၍ သံတူဖြင့်ထုသောအခါ သံတူသည် ဝါဂွမ်းစိုင်တွင်သာမရပ်ပဲ ဝါဂွမ်းစိုင်ကိုလွန်၍ အောက်ခံပေ(သံတုံး)ကို ရိုက်မိထိခိုက်သကဲ့သို့ အလွန်အားရှိပါသည်။
ထိုသို့ ဝတ္တု၊ အာရုံကို ထိခိုက်မှု အားရှိသောကြောင့် (မဟာဘုတ်အချင်းချင်ထိခိုက်မှုက အားရှိသောကြောင့်) အာရုံ၏အရသာသည် ထင်ရှား၏။ ထို့ကြောင့် အနိဋ္ဌာရုံနှင့်တွေ့ကြုံလျှင် ကာယဝိညာဏ်စိတ်မှာ သုခဝေဒနာနှင့် ယှဉ်ရပါသည်။ (သုခသဟဂုတ် ဖြစ်ရပါသည်။)

၃။ ကမ္ဘာအေးစေတီတော် ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် မိမိစေတနာအလျောက် ဉာဏ်လည်းပေါက်၍ ဝမ်းမြောက်စွာလှူဒါန်းသူ၌ ဖြစ်ပေါ်သည့် ကုသိုလ်စိတ်ကို အတိအကျဖော်ပြ၍၊ ထိုကုသိုလ်စိတ်တစ်ခုသည် ဒါန၊ သီလ စသည်တို့ဖြင့် ထပ်ဆင့်ပွားပါက မည်မျှအထိ များပြားလာနိုင်သနည်း၊ အလှူရှင် သဒ္ဓါပွါးရအောင် မြှောက်ပွါးဖော်ပြပါ။
ကမ္ဘာအေးစေတီတော် ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် မိမိစေတနာအလျောက် ဉာဏ်လည်းပေါက်၍ ဝမ်းမြောက်စွာလှူဒါန်းသူ၌ ဖြစ်ပေါ်သည့် ကုသိုလ်စိတ်မှာ-
“သောမနဿသဟဂုတ် ဉာဏသမ္ဗယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်” ဖြစ်ပါသည်။
ထိုကုသိုလ်စိတ်တစ်ခုသည် ဒါန၊ သီလ စသည်တို့ဖြင့် ထပ်ဆင့်ပွါးများပါက-

ကုသိုလ်စိတ် ၁ ပါး
ပုညကိရိယာဝတ္တု x ၁၀ ပါး
———————–
၁၀ ပါး
အာရုံ x ၆ ပါး
———————–
၆၀ ပါး
အဓိပတိ x ၄ ပါး
———————–
၂၄၀ ပါး
ကံ x ၃ ပါး
———————–
၇၂၀ ပါး
ဟီန၊ မဇ္ဈိမ၊ ပဏီတ x ၃ ပါး


မဟာကုသိုလ်စိတ်ပေါင်း = ၂၁၆၀ ပါး
ဤကဲ့သို့ မဟာကုသိုလ်စိတ် ၁- ပါးကို တည်ထား၍ ပုညကြိယာဝတ္တု ၁၀- ပါး၊ အာရုံ ၆- ပါး၊ အဓိပတိ ၄- ပါး၊ ကံ ၃-ပါး၊ ဟီန-မဇ္ဈိမ- ပဏီတ ၃- ပါးတို့ဖြင့်မြှောက်ပွါးသော် မဟာကုသိုလ်စိတ်ပေါင်း ၂၁၆၀-ပါး ရ၏။ ကာလ၊ ဒေသ စသည်ဖြင့်မြှောက်ပွားသော် မရေတွက်နိုင်အောင် များပြားလာမည်ဖြစ်ပါသည်။

၁၉၉၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အရက်သောက်ခြင်းကို အပြစ်မရှိဟုယူဆလျက် သောက်သူနှင့် အပြစ်ရှိမှန်းသိလျက်သောက်သူ ဤနှစ်ဦးတို့၏ အကိုသိုလ်ဖြစ်ပုံချင်း တူညီသလော၊ ခြားနားမှု ရှိပါသလော၊ အဘိဓမ္မာအမြင်ဖြင့် စိစစ်ပြပါ။
အရက်သောက်ခြင်းကို အပြစ်မရှိဟု ယူဆလျက် သောက်သူနှင့် အပြစ်ရှိမှန်းသိလျက်သောက်သူ ဤနှစ်ဦးတို့၏ အကုသိုလ်ဖြစ်ပုံခြင်း မတူညီပါ။ ခြားနားမှုရှိပါသည်။
(၁) အရက်သောက်ခြင်းသည် အပြစ်ရှိပါလျက် အပြစ်မရှိဟုယူဆသူ၌ မိစ္ဆာအယူ(ဒိဋ္ဌိ)ဖြစ်၍ “ဒိဋ္ဌိကတသမ္ပယုတ် လောဘမူစိတ်” ဖြစ်ပါမည်။
(၂) ထိုမိစ္ဆာအယူကို အရင်းခံ၍ မကောင်းမှုကို ပြုလုပ်ရာ၌ တွန့်ဆုတ်ခြင်းမရှိ၊ ရဲရဲဝံ့ဝံ့ ပြုကျင့်မိကြ၏။ ထို့ကြောင့် မကောင်းမှုအကုသိုလ်သည် ထိုမိစ္ဆာအယူရှိသူ၏ သန္တာန်၌ ကြီးလေးစွာ အဖတ်တင်ကျန်ရစ်၏။
(ဥပမာ- ရဲရဲညီသော သံတွေခဲကို ပတ္တမြားခဲထင်၍ ကိုင်မိသူမှာ ပြင်းထန်စွာ အလောင်ခံရသကဲ့သို့တည်း။)

(၁) အပြစ်ရှိမှန်းသိလျက်နှင့် သောက်သူ၌မူ မိစ္ဆာအယူ (ဒိဋ္ဌိ) မယှဉ်သောကြောင့် “ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ်” ဖြစ်ပါမည်။
(၂) အပြစ်ရှိမှန်းသိသူ၌ကား ထိုအကုသိုလ်အပြစ်ကို ကြောက်ရွံ့တွန့်ဆုတ်လျက် မရှောင်ကြဉ်နိုင်၍ ပြုကျင့်မိ၏။ ထို့ကြောင့် အကုသိုလ်အပြစ်လည်း ဒိဋ္ဌိနှင့်ယှဉ်သလောက် မကြီးမားချေ။
(ဥပမာ- ရဲရဲညီသော သံတွေခဲကို ပူမှန်းသိပြီးဖြစ်၍ မလွှဲသာ၍ ကိုင်ရသော်လည်း အပူသက်သာအောင် ကိုင်သကဲ့သို့တည်း။)
ဤသို့အားဖြင့် ခြားနားမှုရှိပါသည်။

၂။ လူတစ်ယောက်အား မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရန်အတွက် အဓိကတွန်းအားပေးသော ဒိဋ္ဌိဖြစ်ကြောင်းတရားတို့ကို ဖော်ပြ၍၊ သမ္ဂဋိစ္ဆိုင်းမည်ခြင်းအကြောင်းကိုလည်း ရေးခဲ့ပါ။
လူတစ်ယောက်အား မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရန်အတွက် အဓိကတွန်းအားပေးသော ဒိဋ္ဌိဖြစ်ကြောင်းတရား ၂- ပါး ရှိပါသည်။
(၁) အယူဖောက်ပြန်ပျက်စီးသောပုဂ္ဂိုလ် (မိစ္ဆာအယူရှိသော တိတ္ထိများ)ကို လေးစားမြတ်နိုးလျက် ထိုသူတို့နှင့် တွက်ဖက်ပေါင်းသင်းခြင်း၊
(၂) သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော မိစ္ဆာအယူအာသယ တစ်ပါးပါးရှိခြင်းတို့ ဖြစ်ကြပါသည်။
သမ္ပဋိစ္ဆိုင်းမည်ခြင်းအကြောင်းမှာ-
ပဉ္စဝိညာဏ်သည် ယူအပ်ပြီးသော ရူပါရုံအစရှိသော ပဉ္စာရုံကို ခံယူသကဲ့သို့ဖြစ်တတ်သောကြောင့် “သမ္ပဋိစ္ဆိုင်း” မည်ပါသည်။

၃။ ဝိတက်သည် ယှဉ်ဘက်စိတ်တို့ကို အာရုံသို့တင်ပေးသည်ဆိုရာ ဝိတက်မယှဉ်သောစိတ်တို့ကား အဘယ်သို့လျှင် အာရုံကိုတက်နိုင်ကြပါသနည်း၊ ဖြေဆိုပါ။
ဝိတက်မယှဉ်သောစိတ်များ အာရုံသို့တက်ရောက်နိုင်ကြပုံ
(က) ဒွေပဉ္စဝိညာဏ် ၁၀-ပါးသည် – ဝတ္တု၊ အာရုံတို့ ထိခိုက်ခြင်း၏အစွမ်းဖြင့် အာရုံသို့ တက်ရောက်နိုင်ပါသည်။
(ခ) ဒုတိယဈာန်စိတ်မှ ပဉ္စမဈာန်စိတ်တို့သည် – အောက်အောက်၌ဖြစ်သော ဥပစာရဘာဝနာ၏ အစွမ်းဖြင့် အာရုံသို့ တက်ရောက်နိုင်ပါသည်။
(တစ်နည်း) = အလေ့အကျက် (ပရိစယ)၏ အစွမ်းဖြင့် ဝိတက်နှင့်ကင်း၍ အာရုံသို့တက်ရောက်ခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် = တောသားယောင်္ကျားသည် မင်းကျွမ်းဝင်သူ (သို့) မင်းဆွေမျိုးတို့၏ အကူအညီဖြင့် မင်းနန်းတော်သို့ ဝင်ဖန်များသော် ထိုမင်းကျွမ်းဝင်သူ (သို့) မင်းဆွေမျိုးတို့၏ အကူအညီမပါတော့သော်လည်း မင်းနန်းတော်သို့ ဝင်ရဲထွက်ရဲသကဲ့သို့-
ဝိတက်မယှဉ်သော ဒုတိယဈာန်အစရှိသည့် စိတ်တို့သည်လည်း ဝိတက်၏အကူအညီဖြင့် အာရုံသို့တက်ခဲ့သော အလေ့အကျက်၏အစွမ်းဖြင့် အာရုံသို့ တက်ရောက်နိုင်ကြပါသည်။

၁၉၉၃-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ဗုဒ္ဓဘာသာဝင်တို့ ရှိခိုးပူဇော်အပ်သော ရတနာသုံးပါးအနက် ဓမ္မရတနာတွင် ပါဝင်သော တရားတို့ကို ဖော်ပြ၍၊ စာဖြေသူတို့ သင်ကြားလေ့လာလျက်ရှိသော အဘိဓမ္မာပရိယတ္တိသည် ဓမ္မရတနာမည်- မမည် အကြောင်းပြ ဖြေဆိုပါ။
ဓမ္မရတနာတွင် ပါဝင်သော တရားတို့မှာ-
(၁) မဂ် ၄- ပါး၊
(၂) ဖိုလ် ၄-ပါး၊
(၃) နိဗ္ဗာန် နှင့်
(၄) ပရိယတ္တိတရားတို့ ဖြစ်ကြပါသည်။
အဘိဓမ္မာပရိယတ္တိသည် ဓမ္မရတနာမည်ပါသည်။ အကြောင်းပြရသော် – “ဓမ္မရတနာ”ဟူသည် မိမိဟုဆိုအပ်သောတရားကို ဆောင်ကုန်၊ ကျင့်ကုန်သော သတ္တဝါတို့ကို အပါယ်တို့၌လည်းကောင်း၊ ဝဋ်ဆင်းရဲတို့၌လည်းကောင်း မကျသည်တို့ကို ပြု၍ဆောင်တတ်သောကြောင့် “ဓမ္မ” မည်ကြ၏။ “ဓမ္မရတနာ” မည်သော ဆယ်ပါးသောတရားတော်တို့၏ ဆောင်ခြင်းဟူသည် အပယ်အစရှိသည်တို့၌ ဖြစ်စေတတ်သော ကိလေသာကို ဖျက်ဆီးခြင်းပင်ဖြစ်၏။
ဤတွင် အဘိဓမ္မာပရိယတ္တိသည် (ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်တတ်သော) အရိယာမဂ်ကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ဖလူပစာအားဖြင့် ဓမ္မရတနာမည်ပါသည်။

၂။ ဟာသရုပ်ရှင်ကားကို ကြည့်မြင်ခိုက်တွင် မြင်သိစိတ်နှင့်အတူတကွဖြစ်ပေါ်သော ဝေဒနာကို ဖော်ပြ၍ အဘယ့်ကြောင့် ထိုဝေဒနာဖြစ်ရကြောင်းကို ရှင်းပြခဲ့ပါ။
ဟာသရုပ်ရှင်ကားကို ကြည့်မြင်ခိုက်တွင် မြင်သိစိတ်နှင့်အတူတကွဖြစ်ပေါ်သော ဝေဒနာမှာ “ဥပေက္ခာ ဝေဒနာ” ဖြစ်ပါသည်။
စက္ခုဝိညာဏ်စိတ်၏ ဥပေက္ခာဝေဒနာဖြစ်ရခြင်း အကြောင်းမှာ-
စက္ခုဝိညာဏ်စိတ်၏ မှီရာဖြစ်သော စက္ခုပသာဒရုပ်သည် ဥပါဒါရုပ်ဖြစ်ပါသည်။ ထိုစက္ခုဝိညာဏ်စိတ်၏ အာရုံဖြစ်သော ရူပါရုံသည်လည်း ဥပါဒါရုပ်ပင်ဖြစ်၏။
ဥပါဒါရုပ်ဖြစ်သော ရူပါရုံက ဥပါဒါရုပ်ဖြစ်သော စက္ခုပသာဒကို ထိခိုက်ခြင်းသည် – ဥပမာ ဝါဂွမ်းစိုင်တစ်ခုက အခြားတစ်ခုကို ထိခိုက်ခြင်းကဲ့သို့ အလွန်အားနည်း၏။ (မထန်မပြင်း ညင်ညင်သာသာ ရှိ၏။)
ထိုသို့ အာရုံနှင့်ဝတ္ထု(ပသာဒ)တို့ ထိခိုက်မှုသည် မထန်မပြင်း ညင်သာသည့်အတွက် ဟာသရုပ်ရှင်ကားဟူသော ရူပါရုံကို ကြည့်မြင်ခိုက် အာရုံ၏အရသာ မထင်ရှားပေ။
ထို့ကြောင့် စက္ခုဝိညာဏ်သည် သင့်တင့်ရုံခံစားတတ်သော “ဥပေက္ခာဝေဒနာ”နှင့်သာ အတူတကွဖြစ်ရခြင်း ဖြစ်ပါသည်။

၃။ ဖဿစသော သမ္ပယုတ်တရားများရှိပါလျက် ဝိတက်စသော တရားငါးပါးကိုသာ အဘယ့်ကြောင့် ဈာန်အင်္ဂါဟု ဆိုပါသနည်း၊ ဖြေဆိုပါ။
ဝိတက်စသော တရားငါးပါးကိုသာ ဈာန်အင်္ဂါဟု ဆိုရခြင်းအကြောင်းမှာ-
ဝိတက်စသော ၅-ပါးတို့သည်သာ-
(၁) ကသိုဏ်း စသောအာရုံတို့ကို ကပ်၍ရှုခြင်း (စူးစူးစိုက်စိုက်ရှုခြင်း) ကိစ္စရှိသောကြောင့်လည်းကောင်း၊
(၂) ကာမစ္ဆန္ဒအစရှိသော နီဝရဏတရားတို့၏ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ကြသောကြောင့်လည်းကောင်း ဈာန်အင်္ဂါဟု ဆိုရခြင်းဖြစ်ပါသည်။

၁၉၉၄-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ တစ်ဦးက တိုက်တွန်း၍ တစ်ဦးက လှူဒါန်းရာတွင် သင်္ခါရသဘောသည် တိုက်တွန်းသူ၌သာဖြစ်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် လှူဒါန်းသူ၌ဖြစ်သော ကုသိုလ်သည် သသင်္ခါရိကကုသိုလ် ဖြစ်ရသနည်း၊ ရှင်းလင်းဖြေဆိုပါ။
တစ်ဦးက တိုက်တွန်း၍ တစ်ဦးကလှူဒါန်းရာဝယ် သင်္ခါရသဘောသည် တိုက်တွန်းသူ၌ဖြစ်သည်မှာ မှန်၏။ သို့သော် လှူဒါန်းသူ၌ဖြစ်သော ကုသိုလ်သည်လည်း သသင်္ခါရိက ကုသိုလ်မည်၏။ ဤသို့ဖြစ်ရခြင်းကို ရှင်းပြရသော်-
“သင်္ခါရ”၏ အဓိပ္ပါယ် = တွန့်တိုဆုတ်နစ်နေသောစိတ်ကို ထက်မြက်လာစေရန် ပြင်ဆင်တတ်သောကြောင့် ပုဗ္ဗပယောဂကို ဆိုလို၏။
“သင်္ခါရ” အရ = ထိုပုဗ္ဗပယောဂကြောင့် ဖြစ်ပေါ်လာသော နောက်စိတ်၏ ထက်မြက်ခြင်း သတ္တိအထူးကို ရ၏။
သသင်္ခါရိကအဓိပ္ပါယ် = သင်္ခါရ (နောက်စိတ်၏ ထက်မြက်ခြင်းသတ္တိအထူး) နှင့်တကွဖြစ်သောစိတ်ကို ဆိုလို၏။
ထို့ကြောင့်-
တိုက်တွန်းသူ၌ သင်္ခါရသဘောဖြစ်ပြီး ထိုတိုက်တွန်းသူကြောင့် လှူဒါန်းသူ၌ဖြစ်သော ကုသိုလ်သည် သင်္ခါရ(နောက်စိတ်၏ ထက်မြက်ခြင်း သတ္တိအထူး)နှင့်တကွဖြစ်ပေါ်လာသော စိတ်ဖြစ်သောကြောင့် “သသင်္ခါရိကကုသိုလ်” မည်ပါသည်။

၂။ အဟိတ်ကုသလဝိပါတ်စိတ်၌ သောမနဿသန္တီရဏရှိသကဲ့သို့ အကုသလဝိပါတ်စိတ်၌လည်း ဒေါမနဿ သန္တီရဏရှိသင့်- မရှိသင့်ကို အဘိဓမ္မာကျွမ်းကျင်ပညာရှင်ပီပီ စိစစ်ပြပါ။
အဟိတ်ကုသလဝိပါက်စိတ်၌ သောမနဿသန္တီရဏရှိသကဲ့သို့ အကုသလဝိပါက်စိတ်၌လည်း ဒေါမနဿ သန္တီရဏမရှိသင့်ပါ။ အဘိဓမ္မာနည်းအရ စိစစ်ပြရသော်-
အကုသလဝိပါက်အရာ၌ ထင်လာသောအာရုံသည် အနိဋ္ဌာရုံသာဖြစ်၏။ ထိုအနိဋ္ဌာရုံ၌ ဖြစ်ထိုက်သော ဒေါမနဿဝေဒနာသည် ပဋိဃ(ဒေါသ)နှင့် ကင်း၍ဖြစ်ခြင်းမရှိ၊ ပဋိဃ(ဒေါသ)သည်လည်း ဧကန် အကုသိုလ်သဘောရှိသည်ဖြစ်၍ အဗျာကတသဘောရှိသော ဝိပါက်စိတ်တို့၌ မဖြစ်သင့်၊ ထိုသို့ မိမိနှင့်အတူ ယှဉ်ဘက်ဖြစ်သော ပဋိဃနှင့်ကင်း၍ ဖြစ်ခြင်းမရှိသောကြောင့် ဒေါမနဿဝေဒနာသည် အကုသလဝိပါက်စိတ်တို့၌ မဖြစ်ပါ။ ဥပေက္ခာဝေဒနာသာ ဖြစ်ရပါသည်။
တစ်နည်းအားဖြင့်-
ဥပမာ- အားရှိသော ယောင်္ကျား၏ အထောင်းအထုကို ခံရသော အားနည်းသောယောင်္ကျားသည် ထိုအားကြီးသော ယောင်္ကျား၌ လျစ်လှူရှုရသကဲ့သို့၊ ထို့အတူ အကုသလဝိပါက်စိတ်တို့သည် အလွန်အားနည်းသောကြောင့် အနဋ္ဌာရုံ၌သော်မှလည်း ဒေါမနဿဝေဒနာဖြစ်ခြင်း မရှိတော့ပေ။ ထို့ကြောင့် အကုသလဝိပါက်စိတ်၌ ဒေါမနဿဝေဒနာမရှိသင့်ပဲ ဥပေက္ခာဝေဒနာသာဖြစ်ရပါသည်။

၃။ သူတပါးတိုက်တွန်း၍ ဈာန်တရား အားထုတ်မှုမျိုးလည်း ရှိသင့်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ရူပါဝါစရစိတ်၌ သင်္ခါရအပြား မရှိပါသနည်း။ ဋီကာဆရာအာဘော်ကျ ဖြေပါ။
သူတပါးတိုက်တွန်း၍ ဈာန်တရားအားထုတ်မှုမျိုး မရှိသင့်ပါ။ သူတပါးက တိုက်တွန်းသည့်အတွက် အားမထုတ်ချင် ထုတ်ချင်နှင့် အားထုတ်သူမှာ ဈာန်မဆိုထားဘိ၊ နိမိတ်ထင်ဖို့ပင် မဖြစ်နိုင်ပါ။
ရူပါဝစရစိတ်၌ သင်္ခါရအပြားမရှိခြင်းအကြောင်းကို ဋီကာဆရာအာဘော်ကျ ဖြေဆိုရသော်-
အလုံးစုံသောဈာန်သည် ဈာန်မရမီ ရှေ့အဖို့၌ “ပထဝီ-ပထဝီ” စသည်ဖြင့် စီးဖြန်းမှုပရိကံဟု ဆိုအပ်သော“ပုဗ္ဗာဘိသင်္ခါရ”နှင့်ကင်း၍ ရှေးဘဝက ဈာန်ရဖို့ရန် လွန်လွန်ကဲကဲ အားထုတ်ခဲ့ဖူးခြင်းဟူသော အဓိကာရသက်သက်၏အစွမ်းဖြင့် မဖြစ်နိုင်သောကြောင့် အသင်္ခါရိကဟူ၍လည်း မဆိုသင့်ပါ။
ထို့ကြောင့် ရူပါဝစရစိတ်၌ သင်္ခါရအပြား မရှိခြင်းဖြစ်ပါသည်။
(တစ်နည်း) – ပုဗ္ဗာဘိသင်္ခါရအစွမ်းဖြင့်သာလျှင်ဖြစ်ရသော ရူပါဝစရကုသိုလ်စိတ်သည် တစ်ခါတစ်ရံမျှ အသင်္ခါရိက မဖြစ်သင့်၍ အသင်္ခါရိကဟူ၍လည်း မဆိုအပ်ပါ။ သသင်္ခါရိက ဧကန်ဖြစ်၍ “အသင်္ခါရိက လေလား”ဟု ယုံမှားဖွယ် မရှိသောကြောင့် သသင်္ခါရိကဟူ၍လည်း မဆိုအပ်ပါ။
ထို့ကြောင့် ရူပါဝစရစိတ်၌ သင်္ခါရအပြားမရှိခြင်း ဖြစ်ပါသည်။

၎။ “တူသောအကျိုးကိုပေး၏” ဟူသောစကားသည် အဘိဓမ္မာနယ်ပယ်၌ အခါခပ်သိမ်း မှန်ကန်ပါသလော၊ မတူသောအကျိုးကိုလည်း ပေးသောစိတ်များရှိက အကြောင်းပြဖော်ပြပါ။
“တူသောအကျိုးကိုပေး၏” ဟူသောစကားသည် အဘိဓမ္မာနယ်ပယ်၌ အခါခပ်သိမ်း မှန်ကန်မှုမရှိပါ။
ရူပ၊ အရူပ၊ လောကုတ္တရာ ကုသိုလ်စိတ်တို့သည်သာ (ကုသိုလ် ၅- ပါးရှိလျှင် ဝိပါက်လည်း ၅- ပါး စသည်ဖြင့် ) “လူ စသည်တို့၏ အရိပ်သည် လူ စသည်တို့နှင့် တူသကဲ့သို့” တူသောအကျိုးကို ပေးနိုင်ကြပါသည်။
“မတူသောအကျိုး”ကို ပေးသောစိတ်များလည်း ရှိပါသည်။ ယင်းမှာ မဟာကုသိုလ်စိတ် ၈-ပါး ဖြစ်ပါသည်။
မဟာကုသိုလ်စိတ်သည်
အဟိတ်ကုသလဝိပါက်ဟူသော မတူသောအကျိုး၊ မဟာဝိပါက်ဟူသော တူသောအကျိုး ဤသို့ တူ-မတူ ၂-ပါးစုံသောအကျိုးကို ပေးပါသည်။
ကာလအားဖြင့်လည်း ပစ္စုပ္ပန်ဘဝ၊ နောက်နောင်ဘဝမှသည် နိဗ္ဗာန်မရမီအထိ အမျိုးမျိုးသော အကျိုးပေးရာကာလ ရှိပါသည်။
အကြောင်းမှာ-
မဟာကုသိုလ်စိတ်တို့သည် နီဝရဏတရားတို့၏ တုန်လှုပ်ခြောက်ခြားမှုကို ခံနေရသောကြောင့် ဤသို့ တူ-မတူ ၂-ပါးစုံသော အကျိုးကိုပေးခြင်း ဖြစ်ပါသည်။

၁၉၉၅-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ (က) အဘိဓမ္မာ (ခ) အဘိဓမ္မတ္ထ (ဂ) အဘိဓမ္မတ္ထသင်္ဂဟတို့၏အရကို ဋီကာကျမ်းလာအတိုင်း အသီးသီးကောက်ပြပါ။
(က) အဘိဓမ္မာ- အရ = ပညတ်မှ အသီးအခြားထုတ်အပ်သော ပရမတ္တ၏အဖြစ်အားဖြင့် ထူးကုန်သောတရားတို့ကို ဟောအပ်ရာဖြစ်သော ဓမ္မသင်္ဂဏီစသော အဘိဓမ္မာ ၇-ကျမ်းကို ရ၏။
(ခ) အဘိဓမ္မတ္ထ- အရ = အဘိဓမ္မာ ၇-ကျမ်း၌ ဟောအပ်ကုန်သော စိတ်၊ စေတသိက် စသော အနက်(တစ်နည်း) စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္တသဘောတရား ၄- ပါးကို ရ၏။
(ဂ) အဘိဓမ္မတ္ထသင်္ဂဟ- အရ = အဘိဓမ္မာ ၇- ကျမ်း၌ အကျယ်အားဖြင့် ဟောတော်မူအပ်ကုန်သော စိတ်၊ စေတသိက် စသောအနက်တို့ကို အကျဉ်းအားဖြင့် ယူရာယူကြောင်းဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟမည်သော သဂြိုဟ်ကျမ်းကို ရ၏။

၂။ စွယ်တော်မြတ်စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ဝမ်းမြောက်စွာ လုပ်အားပေးလှူသူ၏ သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်သည် အဘယ်ဝေဒနာနှင့် ယှဉ်ပါသနည်း၊ ဖြေဆို၍ ထိုဝေဒနာဖြစ်ခြင်း အကြောင်းများကိုလည်း ဖော်ပြပါ။
စွယ်တော်မြတ်စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ဝမ်းမြောက်စွာ လုပ်အားပေးလှူသူ၏ သန္တာန်၌ဖြစ်သော မဟာကုသိုလ်စိတ်သည် “သောမနဿဝေဒနာ”နှင့် ယှဉ်ပါသည်။
မဟာကုသိုလ် သောမနဿဝေဒနာဖြစ်ခြင်းအကြောင်းများ (၁၉၈၉၊ နံပါတ်- ၃)

၃။ “ပထမဈာန်”ဟူသောစကား၌ ပထမမည်ခြင်းအကြောင်း၊ ဈာန်မည်ခြင်းအကြောင်းတို့ကို ဖြေဆို၍၊ သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတို့ကိုလည်း ဆန့်ကျင်ပုံနှင့်တကွ ဖော်ပြပါ။
“ပထမဈာန်” ဟူသောစကား၌-
ပထမမည်ခြင်းအကြောင်းတို့မှာ (၁) ဒေသနာက္ကမ (ဟောစဉ်)အားဖြင့်လည်းကောင်း၊
(၂) ဥပတ္တိက္ကမ (ဖြစ်စဉ်) အားဖြင့်လည်းကောင်း
(၃) သင်္ချာအစဉ်အားဖြင့် ရေတွက်ရာ၌လည်းကောင်း
အစဖြစ်သောကြောင့် ဈာန်သည် “ပထမ”မည်ပါသည်။
ဈာန်မည်ခြင်းအကြောင်းတို့မှာ
(၁) ကသိုဏ်းစသော အာရုံတို့ကို ကပ်၍ရှုတတ်(စူးစူးစိုက်စိုက်ရှုတတ်) သောကြောင့်လည်းကောင်း၊
(၂) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို လောင်ကျွမ်းစေတတ်သောကြောင့်လည်းကောင်း ဈာန်မည်ပါသည်။
သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတို့မှာ – ဥဒ္ဒစ္စ၊ ကုက္ကုစ္စနီဝရဏတို့ ဖြစ်ပါသည်။
အကြောင်းမှာ – သုခသည် ငြိမ်သက်ခြင်း၊ အေးမြခြင်းရှိသောကြောင့် မငြိမ်မသက် တုန်လှုပ်ပူပန်တတ်သော ဥဒ္ဒစ္စ၊ ကုက္ကုစ္စနီဝရဏ၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။

၁၉၉၆-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “ရတနာမြတ်သုံးပါးတို့အား ရိုသေစွာ ရှိခိုးပါ၏”ဟုဆိုရာ၌ အဘယ်သို့ရှိခိုးမှ ရိုသေစွာ ရှိခိုးရာရောက်ပါသနည်း၊ ဋီကာကျမ်းနှင့်အညီ ဖြေဆို၍၊ နိဗ္ဗာန်၏ အသင်္ခတမည်ခြင်းအကြောင်းကိုလည်း ဖော်ပြပါ။
“ရိုသေစွာ ရှိခိုးခြင်း” ဟူသည်-
ကြောက်၍ရှိခိုးခြင်း(ဘယ)၊ လာဘ်ကိုလို၍ ရှိခိုးခြင်း(လာဘ)၊ အမျိုးအလေ့အားဖြင့် ရှိခိုးခြင်း (ကုလစာရ) အစရှိသည်တို့မှကင်း၍ ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်လျက် ထက်သန်ထူးကဲသော သဒ္ဓါ၊ ပညာ၊ သတိ၊ ဝီရိယ၊ စိတ်စေတနာတို့ဖြင့် ရိုသေစွာ ကာယ၊ ဝစီ၊ မနောဒွါရတို့ဖြင့် အထူးအားဖြင့် ရှိခိုးမှသာ ရိုသေစွာ ရှိခိုးရာရောက်မည် ဖြစ်ပါသည်။
နိဗ္ဗာန်၏ အသင်္ခတမည်ခြင်းအကြောင်းမှာ-
မဂ်၊ဖိုလ်တို့၏ အာရုံဖြစ်၍၊ တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်ပြီးသော၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား ၄-ပါးတို့က မပြုပြင်အပ်သော တရားဖြစ်ခြင်းကြောင့် နိဗ္ဗာန်သည် စင်စစ်အားဖြင့် “အသင်္ခတ” မည်ပါသည်။

၂။ လူ့ဘောင်လောကဝယ် “ဉာဏ်ကောင်းတယ်၊ ဉာဏ်မကောင်းဘူး” ဟု ပြောဆိုလေ့ရှိရာ “ဉာဏ်” ဟူသောစကား၏ အဓိပ္ပါယ်ကို ဖွင့်ဆိုပြ၍၊ ယင်းဉာဏ်ဖြစ်ကြောင်းတရားများကိုလည်း ရေးခဲ့ပါ။
ဉာဏ်
ရုပ်၊ နာမ်ဟုဆိုအပ်သော သဘာဝဓမ္မများကို ကက္ခဠတ္တ၊ ဖုသန၊ အနိစ္စတာ စသော သဘောအားလျော်စွာ ထိုးထွင်းသိတတ်သောကြောင့် “ဉာဏ်” မည်ပါသည်။
ဉာဏ်ဖြစ်ကြောင်းတရားများမှာ-
(၁) “ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ၌ ဉာဏ်ပညာထက်မြက်သူဖြစ်ရပါလို၏” ဟု ဆုတောင်း၍ ပညာဉာဏ် ဖြစ်စေတတ်သော ကောင်းမှုကံကို ဆည်းပူးခဲ့ခြင်း၊
(၂) ဒေါသဗျာပါဒမရှိသော ဗြဟ္မာ့ဘုံ၌ ဖြစ်ခဲ့ခြင်း
(၃) ပညိနြေ္ဒရင့်ကျက်ရာ အသက်အရွယ်သို့ရောက်ခြင်း၊
(၄) ကိလေသာတို့မှ ဝေးကွာသူ၏အဖြစ် အားထုတ်နေခြင်း၊
(၅) တိဟိတ်ပဋိသန္ဓေ နေခဲ့သူဖြစ်ခြင်းတို့ ဖြစ်ပါသည်။

၃။ မဂ်စိတ်သည် အဘယ်ကြောင့် တစ်ကြိမ်သာဖြစ်ပါသနည်း။ ဥပမာပြဖြေဆို၍ မဂ်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့သော် လောကုတ္တရာစိတ်၌ ကြိယာရှိသင့် မရှိသင့် ဖြေဆိုပါ။
မဂ်စိတ် တစ်ကြိမ်သာဖြစ်ရခြင်းအကြောင်း
မဂ်စိတ်သည်-
(၁) ဆိုင်ရာကိလေသာကို သမုစ္ဆေဒပဟာန် အကြွင်းမဲ့ ဖြတ်သည်၏အစွမ်းဖြင့်သာလျှင် ရအပ်သောကြောင့်လည်းကောင်း၊
(၂) ဥပမာ – မိုးကြိုးကျသည့်အခါ သစ်ပင်အစရှိသည်တို့ကို အမြစ်နှင့်တကွ ဖျက်ဆီးခြင်းကို ပြီးစေသကဲ့သို့ မဂ်စိတ်သည်လည်း ၁- ကြိမ်တည်းဖြင့်ပင် ဆိုင်ရာကိလေသာကို ပယ်ခြင်းကိစ္စ ပြီးစေနိုင်သောကြောင့်လည်းကောင်း၊
(၃) တစ်ဖန်ဖြစ်လျှင်လည်း ပြုဖွယ်၊ ပယ်ဖွယ်ကိစ္စများ မရှိတော့သောကြောင့်လည်းကောင်း၊
(၄) ဤဘဝ၌ ချမ်းသာစွာနေလိုလျှင်လည်း အကျိုးဖြစ်သော ဖလသမာပတ်နှင့်သာ နိဗ္ဗာန်ကို အာရုံပြု၍ ဝင်စားနိုင်ခြင်းကြောင့်လည်းကောင်း၊
တစ်ကြိမ်ထက်ပို၍ တစ်ခါတစ်ရံမျှပင် သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ်တို့ သန္တာန်၌ မဖြစ်ရခြင်းဖြစ်ပါသည်။
မဂ်စိတ် အကြိမ်ကြိမ်ဖြစ်ခဲ့သော် လောကုတ္တရာစိတ်၌ ကြိယာရှိသင့်ပါသည်။
အကြောင်းပြရသော်-
လောကုတ္တရာစိတ်၌ ကြိယာမရှိခြင်းမှာ လောကုတ္တရာကုသိုလ်(မဂ်)စိတ်သည် အခါခပ်သိမ်း တစ်ကြိမ်သာဖြစ်ရိုးရှိသောကြောင့် ရဟန္တာသန္တာန်၌ ထပ်၍ မဖြစ်နိုင်သောကြောင့် ဖြစ်၏။
လောကီစိတ်များ၌မူ ပုထုစဉ်၊ သေက္ခပုဂ္ဂိုလ်တို့သန္တာန်ဝယ် ဖြစ်လေ့ရှိသော ကာမ၊ မဟဂ္ဂုတ် ကုသိုလ်စိတ်များသည် ရဟန္တာသန္တာန်၌ဖြစ်သောအခါ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ဝဋ်မြစ်ကုန်ခမ်းသဖြင့် အကျိုးမပေးစွမ်းနိုင်တော့သည့်အတွက် ကြိယာစိတ်ဟု အမည်ရကြ၏။
ထို့အတူ လောကုတ္တရာစိတ်၌လည်း မဂ်ကုသိုလ်စိတ်သည် အကြိမ်ကြိမ်ဖြစ်ခဲ့သော် ရဟန္တာသန္တာန်၌လည်း ထပ်၍ဖြစ်နိုင်သောကြောင့် လောကုတ္တရာစိတ်၌လည်း ကြိယာရှိနိုင်ပေသည်။

၎။ “ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ဘုရား”ဟု ဆုတောင်းလေ့ရှိကြရာ “ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်” ဟူသော စကားတို့၏ အဓိပ္ပါယ်ကို တိကျမှန်ကန်စွာ ရေးပါ။
ဈာန်
(၁) ကသိုဏ်းစသော အာရုံတို့ကို ကပ်၍ရှုတတ် (စူးစူးစိုက်စိုက်ရှုတတ်) သောကြောင့်လည်းကောင်း၊
(၂) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို လောင်ကျွမ်းစေတတ်သောကြောင့်လည်းကောင်း ဈာန်မည်ပါသည်။
မဂ်
(၁) နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့် မဂ်မည်၏။
(၂) နိဗ္ဗာန်ကို အလိုရှိသောသူတို့သည် ရှာမှီးအပ်သောကြောင့် မဂ်မည်၏။
(၃) ကိလေသာတို့ကို သတ်ဖြတ်ပယ်ရှားလျက် နိဗ္ဗာန်သို့ သွားတတ်သောကြောင့် မဂ်မည်၏။
ဖိုလ်
(၁) ကိလေသာများ ငြိမ်းအေးသွားခြင်းသဘောသည် ဖိုလ်မည်၏။
(၂) အကြောင်းတရားဖြစ်သောမဂ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားသည် ဖိုလ်မည်၏။
နိဗ္ဗာန်
(၁) ဘဝကြီး၊ ဘဝငယ်ကို ချုပ်စပ်တတ်သော ဝါနဟုဆိုအပ်သော တဏှာမှထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်မည်၏။
(၂) ရာဂအစရှိသော မီး ၁၁-ပါးတို့၏ ငြိမ်းအေးကြောင်းဖြစ်သောကြောင့် နိဗ္ဗာန်မည်၏။

၁၉၉၇-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် မြတ်ဗုဒ္ဓ” ဟုဆိုရာ၌ အနှိုင်းမဲ့ (အတုလ)ဖြစ်ပုံကို ဋီကာနှင့်အညီ ဖြေဆိုပါ။
မြတ်ဗုဒ္ဓ၏ အနှိုင်းမဲ့(အတုလ)ဖြစ်ပုံကို ဋီကာနှင့်အညီ ဖြေဆိုရသော်-
(၁) ပုရဏကဿပ အစရှိသော တိတ္ထိဆရာကြီးတို့သည် ဘုရားရှင်ကို တုပြိုင်ကြသော်လည်း သီလ၊ သမာဓိ၊ ပညာစသော ဂုဏ်အရည်အချင်းအားဖြင့် မတူနိုင်ကြပေ။ ထို့ကြောင့် သီလ၊ သမာဓိ၊ ပညာ စသော ဂုဏ်အရည်အချင်းအားဖြင့် တူသူမရှိခြင်း (နတ်နှင့်တကွသော လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သောကြောင့် တူသောပုဂ္ဂိုလ်မရှိခြင်း)
(၂) ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ စသောဂုဏ်တော်တို့ကို ရှင်သာရိပုတ္တရာကဲ့သို့သော ဉာဏ်ကြီးရှင်သည်ပင်လျှင် ဉာဏ်ပညာဖြင့် နှိုင်းချိန်ကြည့်သောအခါ “ဤရွေ့ ဤမျှသာ ရှိသည်”ဟု နှိုင်းချိန်၍ မရပေ။ ထို့ကြောင့် – ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်သေ ပုဂ္ဂိုလ်မဟုတ်ခြင်း၊
ဤသို့အားဖြင့် မြတ်ဗုဒ္ဓသည် အနှိုင်းမဲ့ (အတုလ) ဖြစ်တော်မူပါသည်။

၂။ “ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏” ဟုဆိုရာ၌ (က) အဘယ်သို့ဖြစ်ခြင်းကို ဖောက်ပြန်သည်ဟု ဆိုပါသနည်း၊ (ခ) နာမ်တရားများလည်း ဖောက်ပြန်တတ်ပါလျက် အဘယ့်ကြောင့် ရုပ်မမည်ပါသနည်း၊ (ဂ) ဥတုသပ္ပါယမျှတသော ရူပဗြဟ္မာကြီးများအတွက် အဘယ်သို့လျှင် ရုပ်အမည်ရနိုင်ပါသနည်း။ အသီးသီး ဖြေဆိုပါ။
“ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏” ဟုဆိုရာ၌ –
(က) ဖောက်ပြန်ခြင်းဟူသည်-
သီတ (အအေး) စသော ဆန့်ကျင်ဘက်အကြောင်းတရားတို့ ပေါင်းဆုံညီညွတ်ခဲ့သော် ရှေးရုပ်အစဉ်နှင့်မတူ၊ ထူးခြားသောအားဖြင့် နောက်ရုပ်အစဉ်၏ ဖြစ်ပေါ်လာခြင်းသည် ဖောက်ပြန်ခြင်းမည်၏။
(ခ) နာမ်တရာများလည်း ဖောက်ပြန်တတ်ပါလျက် ရုပ်မမည်ခြင်းအကြောင်းမှာ-
(သီတ အစရှိသော သဒ္ဒါ၏အစွမ်းဖြင့်) အလွန်ထင်ရှားသော ဖောက်ပြန်ခြင်းကိုသာ ဖောက်ပြန်သည်ဟူ၍ အလိုရှိအပ်သောကြောင့် နာမ်တရားတို့ကို ရုပ်ဟု မခေါ်နိုင်ခြင်း ဖြစ်ပါသည်။
(ဂ) ဥတုသပ္ပါယမျှတသော ရူပဗြဟ္မာကြီးများအတွက် ရုပ်အမည်ရနိုင်ပုံမှာ-
(၁) ဗြဟ္မာ့ဘုံ၌ ကပ်၍ နှိပ်စက်တတ်သော သီတ စသည်တို့ မရှိသော်လည်း ချီးမြှောက်တတ်သော သီတ အစရှိသည်တို့ ရှိသောကြောင့် ထိုချီးမြှောက်တတ်သော သီတ စသည်တို့အစွမ်းဖြင့် ဗြဟ္မာ့ဘုံ၌ ဖောက်ပြန်ခြင်း ဖြစ်သင့်ပါသည်။ ထို့ကြောင့် ရူပဗြဟ္မာကြီးများအတွက် ရုပ်အမည် ရနိုင်ပါသည်။
(၂) တစ်နည်း- ဥတုသပ္ပါယ မျှတသော ရူပဗြဟ္မာကြီးများ၏ ရုပ်တို့သည်လည်း (ဆန့်ကျင်ဘက်အကြောင်းနှင့် ပေါင်းမိက ဖောက်ပြန်ကြမည်သာ) ဖောက်ပြန်ခြင်းသဘောကို မလွန်ဆန်နိုင်ကြသောကြောင့် ရုပ်အမည် ရနိုင်ပါသည်။

၃။ အဟိတ်ကုသလဝိပါက်စိတ်၌ သောမနဿဝေဒနာသည် အဘယ့်ကြောင့် သန္တီရဏ စိတ်၌သာယှဉ်၍ သမ္ပဋိစ္ဆိုင်းစိတ်၌ မယှဉ်နိုင်ပါသနည်း။ ပြည့်စုံစွာ ရှင်းပြပါ။
အဟိတ်ကုသလဝိပါက်စိတ်တို့တွင်-
ဝီထိစိတ်အစဉ်ရ- သမ္ပဋိစ္ဆိုင်းစိတ်သည် စက္ခုဝိညာဏ်စိတ် စသည်တို့၏ အခြားမဲ့၌ဖြစ်၏။ စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်စိတ်တို့သည် စက္ခုဝတ္တုစသော ပဉ္စဝတ္တုရုပ်ကိုမှီကြ၍ သမ္ပဋိစ္ဆိုင်းစိတ်သည် ဟဒယဝတ္တုရုပ်ကို မှီ၏။ ထိုသို့ သမ္ပဋိစ္ဆိုင်းဒွေးသည် မိမိနှင့်မှီရာမတူသော စက္ခုဝိညာဏ်စိတ် စသည်တို့၏ အခြားမဲ့၌ဖြစ်ရ၍ တူသောမှီရာရှိသောစိတ်မှ အနန္တရပစ္စည်းကို မရသဖြင့် (သဘောတူယောင်္ကျားတစ်ယောက်၏ အထောက်အပံ့မှကင်းသော ယောင်္ကျားကဲ့သို့) အားမရှိရကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာရုံ၏အရသာကို ခံစားခြင်းငှာ မစွမ်းနိုင်သောကြောင့် အလုံးစုံသောအာရုံတို့၌ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရပါသည်။
သန္တီရဏစိတ်မှာ – မှီရာ(ဟဒယဝတ္တုရုပ်)ချင်းတူသော သမ္ပဋိစ္ဆိုင်းမှ အနန္တရပစ္စည်းကိုရ၍ အလွန်အားရှိရကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာရုံ၏အရသာကို ခံစားနိုင်သောကြောင့် ဣဋ္ဌာရုံ၌ သောမနဿသဟဂုတ်ဖြစ်၍၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် ဖြစ်ပါသည်။
သို့ဖြစ်၍ အဟိတ်ကုသလဝိပါက်စိတ်တို့တွင် သောမနဿဝေဒနာသည် သန္တီရဏ စိတ်၌သာယှဉ်၍ သမ္ပဋိစ္ဆိုင်းစိတ်၌ မယှဉ်ခြင်းဖြစ်ပါသည်။

၎။ “ဝိညာဏဉ္စာယတနကုသိုလ်စိတ်”ဟူသောစကား၌ “ဝိညာဏ”အရ ယူရမည့်စိတ်ကို တိကျစွာ ကောက်ပြ၍ ယင်းစိတ်၏ အနန္တရဖြစ်ပုံ အကြောင်းစုံကိုလည်း ရေးပြပါ။
“ဝိညာဏဉ္စာယတနကုသိုလ်စိတ်”ဟူသောစကား၌ “ဝိညာဏ”အရ ယူရမည့်စိတ်မှာ-
အပိုင်းအခြားမရှိသော ကောင်းကင်သာလျှင် အာရုံရှိသည့် အာကာသာနဉ္စာယတနစိတ် (ပထမာရုပ္ပဝိညာဏ်စိတ်) ဖြစ်ပါသည်။
ယင်းစိတ်၏ အနန္တရဖြစ်ပုံအကြောင်းစုံမှာ-
(၁) ပထမာရုပ္ပဝိညာဏ်က အနန္တမည်သော ကောင်းကင်ပညတ်ကို အာရုံပြုသောကြောင့် အာရုံ၏ အနန္တရအမည်ကို ဝိညာဏ်ပေါ်တင်စား၍ ဌာနူပစာရအားဖြင့် ပထမာရုပ္ပဝိညာဏ်ကို အနန္တဟု ဆိုရ၏။
(၂) ယောဂီပုဂ္ဂိုလ်က “အနန္တ ဝိညာဏံ” ဟု ကမ္မ၏ဋ္ဌာန်းစီးဖြန်းသောကြောင့် ယောဂီပုဂ္ဂိုလ်၏ ဘာဝနာကမ္မဋ္ဌာန်းအရ ဝိညာဏအနန္တ မည်၏။

၁၉၉၈-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အယူလွဲမှား ဘာသာခြားဖြစ်ရန်အတွက် တွန်းအားပေးသော အဓိကအကြောင်းများကို အဘိဓမ္မာသဘောအရ ဖော်ပြ၍၊ အသင်္ခါရိက ဖြစ်ကြောင်းကိုလည်း ဖြေဆိုပါ။
အယူလွဲမှား ဘာသာခြားဖြစ်ရန်အတွက် တွန်းအားပေးသော အဓိကအကြောင်းများကို အဘိဓမ္မာသဘောအရ ဖော်ပြရသော်-
(၁) အယူဖောက်ပြန်ပျက်စီးသောပုဂ္ဂိုလ် (မိစ္ဆာအယူရှိသော တိတ္ထိများ)ကို လေးစားမြတ်နိုးလျက် ထိုသူတို့နှင့် တွဲဖက်ပေါင်းသင်းခြင်း၊
(၂) သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တည်းဟူသော မိစ္ဆာအယူ အာသယတစ်ပါးပါးရှိခြင်းတို့ ဖြစ်ပါသည်။
အသင်္ခါရိကဖြစ်ကြောင်းများမှာ-
လျောက်ပတ်သော ဥတု၊ ဘောဇဉ်၊ ကျောင်းအိပ်ရာ နေရာ၊ အဆွေခင်ပွန်းပုဂ္ဂိုလ် စသည်တို့နှင့် ပြည့်စုံခြင်း ဖြစ်ပါသည်။
(တစ်နည်း)
(၁) အသင်္ခါရိကကံကြောင့် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေရခြင်း၊
(၂) ခန္ဓာကိုယ် ခိုင်ခံ့ကျန်းမာခြင်း၊
(၃) နေပူ၊ မိုးရွာ၊ ဆောင်း၊ နွေအခါတို့၌ အချမ်းအပူကို နှမ်း ၁- လုံးလောက်မျှ ထီမထင်ခြင်း၊ ဂရုမစိုက်ခြင်း၊
(၄) လုံ့လဝီရိယ၏ အကျိုးကို မျှော်ကိုးယုံကြည်ခြင်း၊
(၅) မိမိပြုရိုးပြုစဉ်ကိစ္စ၌ အလေ့အကျင့်ရခြင်း၊
(၆) ဥတု ဘောစဉ် မျှတခြင်းတို့ ဖြစ်ပါသည်။

၂။ လောကအမြင်အားဖြင့် လူချင်းတူပါလျက် ပဋိသန္ဓေစိတ်မှာ- “ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်” ခြားနားရခြင်း အကြောင်းရင်းကိုဖော်ပြ၍၊ “သဟိတ်ဝိပါက်၊ သဟိတ်ကြိယာ”ဟု “သဟိတ်”ဟူသော စကားဖြင့် အထူးပြုဆိုရခြင်း အကြောင်းကိုလည်း ရေးပြပါ။
လောကအမြင် လူချင်းတူပါလျက် ပဋိသန္ဓေစိတ်မှာ “ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်” ဟု ခြားနားရခြင်း အကြောင်းရင်းမှာ-
လူ့ဘဝ ပဋိသန္ဓေအကျိုးကို ပေးတတ်သောကံသည် ဗလဝ (တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံ) ဖြစ်လျှင် မဟာဝိပါက် “ဉာဏသမ္ပယုတ်” စိတ် ၄-ပါးမှ တစ်ပါးပါးနှင့် ပဋိသန္ဓေနေမည်ဖြစ်၏။
အကယ်၍ ပဋိသန္ဓေအကျိုးကို ပေးသောကံမှာ ဒုဗ္ဗလ (တိဟိတ်သြမက၊ ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံ) ဖြစ်ပါက မဟာဝိပါက် “ဉာဏဝိပ္ပယုတ်စိတ်” စိတ်လေးပါးမှ တစ်ပါးပါးဖြင့် ပဋိသန္ဓေနေရမည်ဖြစ်ပါသည်။ ဤသို့အားဖြင့် ပဋိသန္ဓေ အကျိုးပေးသောကံပေါ်မူတည်၍ လူချင်းတူပါလျက် ပဋိသန္ဓေစိတ်ချင်း ကွဲပြားရပါသည်။
“သဟိတ်ဝိပါက်၊ သဟိတ်ကြိယာ” ဟု “သဟိတ်” ဟူသောကားဖြင့် အထူးပြုဆိုရခြင်း အကြောင်းမှာ-
ကာမာဝစရစိတ်တို့တွင် – အကုသိုလ်စိတ်နှင့် ကာမာဝစရကုသိုလ်စိတ်တို့မှာ ဧကန်စင်စစ် သဟိတ်သာဖြစ်ပြီး အဟိတ်လေလားဟု ယုံမှားဖွယ် မရှိသောကြောင့် “သဟိတ်” သဒ္ဒါဖြင့် အထူးပြုစရာ မလိုပါ။ ကာမာဝစရဝိပါက်၊ ကြိယာစိတ်တို့မှာ အဟိတ်ဝိပါက်၊ ကြိယာစိတ်တို့နှင့် ယုံမှားဖွယ်ရှိသောကြောင့် “သဟိတ် (ကာမာဝစရ) ဝိပါက်”၊ “သဟိတ် (ကာမာဝစရ) ကြိယာ”ဟု “သဟိတ်” ဟူသောစကားဖြင့် အထူးပြု ဆိုရခြင်းဖြစ်ပါသည်။
မဟဂ္ဂုတ်၊ လောကုတ္တရာစိတ်တို့၌လည်း – ဧကန်သဟိတ်ဖြစ်၍ “သဟိတ်(ရူပါဝစရ) ဝိပါက်” စသည်ဖြင့် “သဟိတ်” သဒ္ဒါ ထည့်ဆိုရန် မလိုပေ။

၃။ ရူပါဝစရစိတ်၌ သင်္ခါရအပြား ရှိသင့်၊ မရှိသင့်ကို ဋီကာကျော်အာဘော်နှင့်ညှိ၍ စိစစ်ပြပါ။
ရူပါဝစရစိတ်၌ သင်္ခါရအပြား မရှိခြင်းအကြောင်း (၁၉၉၄၊ နံပါတ်-၃)

၁၉၉၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ဗုဒ္ဓဘာသာဝင်များ ပူဇော်ကြသော ဓမ္မရတနာတို့တွင် ဧကန်မုချ ဓမ္မအမည်ရထိုက်သော တရားတို့ကို အကြောင်းနှင့်တကွ ဖော်ပြ၍၊ သင်လေ့လာလျက်ရှိသော အဘိဓမ္မာဘာသာရပ်သည် ဓမ္မရတနာ၌ ပါဝင်နိုင်၊ မပါဝင်နိုင် အကြောင်းပြ ဆုံးဖြတ်ပါ။
ဧကန်မုချ ဓမ္မအမည်ရထိုက်သော တရားတို့မှာ- အရိယာမဂ် (မဂ်လေးပါး) နှင့် နိဗ္ဗာန်တို့ ဖြစ်ကြပါသည်။
အကြောင်းမှာ- အရိယာမဂ်လေးပါးသည် ကိလေသာတို့ကို အကြွင်းမဲ့ သတ်ဖြတ်တတ်သောကြောင့်လည်းကောင်း၊ နိဗ္ဗာန်သည် အာရုံ၏အဖြစ်ဖြင့် ထိုမဂ်လေးပါး၏ ကိလေသာတို့ကို အကြွင်းမဲ့ သတ်ဖြတ်ခြင်းကိစ္စ ပြီးစီးခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း ဖြစ်ပါသည်။
အဘိဓမ္မာဘာသာရပ်သည် ဓမ္မရတနာ၌ ပါဝင်နိုင်၏။ (၁၉၉၃၊ နံပါတ်-၁)

၂။ ဒုစရိုက်လုပ်ငန်းပြုလုပ်ရာတွင် ရွှင်လန်းနှစ်သက် ဝမ်းမြောက်မှုဖြစ်အောင် တွန်းအားပေးသော အဓိကအကြောင်းများကို ဖော်ပြ၍၊ စက္ခုဝိညာဏ်စသော ၄-ပါးတို့ ဥပေက္ခာသာဖြစ်ရခြင်း အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
ဒုစရိုက်လုပ်ငန်း ပြုလုပ်ရာတွင် ရွှင်လန်းနှစ်သက် ဝမ်းမြောက်မှုဖြစ်အောင် တွန်းအားပေးသော အဓိကအကြောင်းများမှာ-
(၁) ပင်ကိုယ်သဘောအားဖြင့်လည်းကောင်း၊ ကြံဆခြင်းအားဖြင့်လည်းကောင်း၊ ဣဋ္ဌာရုံနှင့် တွေ့ကြုံရခြင်း၊
(၂) သောမနဿဖြင့် ပဋိသန္ဓေနေခဲ့ခြင်း၊
(၃) မနက်နဲသော သဘောရှိခြင်း၊
စက္ခုဝိညာဏ်စသော ၄-ပါးတို့ ဥပေက္ခာသာ ဖြစ်ရခြင်းအကြောင်း
မှီရာဝတ္တုနှင့် အာရုံတို့၏ ထိခိုက်ခြင်းသည် အားနည်းသောကြောင့် အနိဋ္ဌာရုံ၌ဖြစ်စေ၊ ဣဋ္ဌာရုံ၌ဖြစ်စေ၊ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရပါသည်။
ဥပမာ- ဝတ္တုနှင့်အာရုံ (ဥပါဒါရုပ်အချင်းချင်း) ထိခိုက်ခြင်းသည် ဝါဂွမ်းစိုင်တစ်ခုနှင့်တစ်ခု ထိခိုက်ခြင်းကဲ့သို့ အားနည်းသောကြောင့် ဖြစ်ပါသည်။

၃။ အလှူဒါန ပြုကြရတွင် မဟာကုသိုလ် ပထမစိတ် ဖြစ်ပေါ်လာအောင် လှူဒါန်းနည်းကို ဋီကာနှင့်အညီ ရေးသား၍၊ ဥပေက္ခာကို ဈာနင်၌ မထည့်သွင်းရခြင်း အကြောင်းကိုလည်း ဖြေဆိုပါ။
မဟာကုသိုလ် ပထမစိတ်ဖြစ်အောင် လှူဒါန်းနည်း
လှူဖွယ်ဝတ္တု၊ အလှူခံပုဂ္ဂိုလ် စသည်တို့၏ ပြည့်စုံခြင်းကိုလည်းကောင်း၊ အခြားသော သောမနဿဖြစ်ကြောင်းကိုလည်းကောင်း စွဲ၍ အလွန်ရွှင်လန်းဝမ်းမြောက်စွာ၊ “အတ္တိဒိန္နံ” စသောနည်းဖြင့်ဖြစ်သော သမ္မာဒိဋ္ဌိကို ရှေ့သွားပြု၍၊ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲခြင်းရှိသူ၏အဖြစ် စသည်တို့၏အစွမ်းဖြင့် မတွန့်တို မဆုတ်နစ်မူ၍ သူတပါးတို့က မတိုက်တွန်းအပ်ပဲ ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို ပြုသောအခါ ထိုသူ၏ စိတ်သည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်ဖြစ်ပါသည်။
ဥပေက္ခာကို ဈာနင်၌ မထည့်သွင်းရခြင်းအကြောင်း
ဥပေက္ခာကို ဈာနင်အဖြစ်ဖြင့် ဘုရားရှင် ဟောကြားတော်မူအပ်ပါသော်လည်း ငြိမ်သက်သော ဖြစ်ခြင်းသဘောရှိသည်ဖြစ်၍ သုခ၌ အကျုံးဝင်သောကြောင့် သီးခြားဈာနင်အဖြစ် မထည့်သွင်းရခြင်း ဖြစ်ပါသည်။

၎။ ဝိညာဏဉ္စာယတနနှင့် အာကိဉ္စာညာယတနတို့တွင် ပါဝင်သော “အာယတန” နှစ်ပါးတို့၏ ခြားနားချက်ကို ရေးသား၍၊ အရူပစိတ်ကို ပဉ္စမဈာန်ဟု သတ်မှတ်ရခြင်း၏ အကြောင်းကိုလည်း ဖြေဆိုပါ။
(၁) ဝိညာဏဉ္စာယတန ၌ ဝိညာဏဉ္စ အမည်ရသော ပထမာရုပ္ပဝိညာဏ်သည် ဒုတိယာရုပ္ပဝိညာဏ်၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏။
(၂) အာကိဉ္စညာယတန ၌ အာကိဉ္စည အမည်ရသော နတ္တိဘောပညတ်သည် တတိယာရုပ္ပဝိညာဏ်၏ တည်ရာဖြစ်သောကြောင့် အာယတနမည်၏။
ဤသို့အားဖြင့် ခြားနားပါသည်။
အရူပစိတ်ကို ပဉ္စမဈာန်ဟု သတ်မှတ်ရခြင်းအကြောင်း
ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့်သာ ယှဉ်ကြ၍ ရူပါဝစရပဉ္စမဈာန်နှင့် ဈာန်အင်္ဂါတူမျှသောကြောင့် ပဉ္စမဈာန်ဟု သတ်မှတ်ရခြင်းဖြစ်ပါသည်။

၂၀၀၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အနှိုင်းမဲ့ မြတ်ဗုဒ္ဓအား “အတုလံ”ပုဒ်ဖြင့် ချီးကျူးရခြင်းအကြောင်းကို ဖော်ပြ၍၊ ဖြစ်ပျက် ဖောက်ပြန်၊ ပြောင်းလဲနေပါလျှက် နာမ်တရားများကို အဘယ့်ကြောင့် “ရုပ်” ဟု မခေါ်ပါသနည်း။
အနှိုင်းမဲ့မြတ်ဗုဒ္ဓအား “အတုလံ”ပုဒ်ဖြင့် ချီးကျူးရခြင်းအကြောင်း
သမ္မာသမ္ဗုဒ္ဓံဟူသောပုဒ်သည် မြတ်စွာဘုရား၌ အမည်တော်ကိုမျှသာ ပြခြင်း၏အစွမ်းဖြင့် ဖြစ်သောကြောင့် ဂုဏ်တော်တို့ကို ထင်ရှားပြခြင်းအကျိုးငှာ “အတုလံ” ပုဒ်ဖြင့် ချီးကျူးရခြင်းဖြစ်သည်။
သမ္မာသမ္ဗုဒ္ဓံ၊ အတုလံ ဟူသောပုဒ်တို့ဖြင့် ဟေတုသမ္ပဒါ၊ ဖလသမ္ပဒါ၊ သတ္တူပကာရသမ္ပဒါဟူသော ဂုဏ်သုံးပါးအစုတို့ဖြင့် မြတ်စွာဘုရားရှင်အား ချီးမွမ်းတော်မူရခြင်း ဖြစ်ပါသည်။
နာမ်တရားများကို ရုပ်ဟု မခေါ်ဆိုနိုင်ပုံ (၁၉၉၇၊ နံပါတ် -၂-ခ)

၂။ ပထမလောဘမူစိတ်နှင့် ပထမ မဟာကုသိုလ်စိတ်တို့၏ ဖြစ်ရာကာလကို ဖော်ပြ၍ သတ္တဝါတစ်ဦးမှာ လျှာတစ်ခုသာရှိပါလျက် အဘယ်ကြောင့် ဇိဝှာဝိညာဏ်စိတ် နှစ်ပါးရှိပါသနည်း၊ ဖြေဆိုခဲ့ပါ။
ပထမလောဘမူစိတ်ဖြစ်ရာကာလ
“ကာမဂုဏ်တို့၌ အပြစ်မရှိ” စသောနည်းဖြင့် မိစ္ဆာဒိဋ္ဌိကို ရှေ့သွားပြု၍ ရွှင်လန်းဝမ်းမြောက်စွာ၊ သဘောအားဖြင့် ထက်သော၊ မတိုက်တွန်းအပ်သောစိတ်ဖြင့် ကာမဂုဏ်ခံစားရာ၌ဖြစ်စေ၊ ဒိဋ္ဌမင်္ဂလာစသည်တို့ကို အနှစ်သာရအားဖြင့် ယုံကြည်ရာအခါတို့၌ဖြစ်စေ၊ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမလောဘမူစိတ်ဖြစ်ပါသည်။
ပထမ မဟာကုသိုလ်စိတ် ဖြစ်ရာကာလ (၁၉၉၉၊ နံပါတ်-၃)
သတ္တဝါတစ်ဦးမှာ လျှာတစ်ခုသာရှိပါလျက် ဇိဝှာဝိညာဏ်စိတ်နှစ်ပါး ရှိရခြင်းအကြောင်း
ဇိဝှာဝိညာဏ်စိတ်ဖြစ်ရန် ဇိဝှာပသာဒ(ဝတ္တု)နှင့် ရသာရုံ(အာရုံ)တို့ ထိခိုက်ရာတွင်-
အနိဋ္ဌာရုံဖြစ်ပါက- အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှာဝိညာဏ်စိတ်ဖြစ်၍
ဣဋ္ဌာရုံဖြစ်ပါက- အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှာဝိညာဏ်စိတ်ဖြစ်သောကြောင့် ဖြစ်ပါသည်။

၃။ မဟာကုသိုလ်စိတ် ၈-ပါး ပြားရခြင်းအကြောင်းကို ဖော်ပြ၍၊ ဈာနင်ငါးပါးနှင့် ဆန့်ကျင်ဘက် နီဝရဏတရားများကိုလည်း အသီးသီး တွဲစပ်ပြပါ။
မဟာကုသိုလ် ၈- ပါး ပြားရခြင်းအကြောင်း
မဟာကုသိုလ်စိတ်သည် ဝေဒနာအပြား (သောမနဿ၊ ဥပေက္ခာ)အားဖြင့် ၂-ပါးအပြားရှိ၏။ ဉာဏ်အပြား (ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်)အားဖြင့် ပွါးပါက ၄-ပါး အပြားရှိ၏။ တစ်ဖန် သင်္ခါရအပြား (အသင်္ခါရိက၊ သသင်္ခါရိက) အားဖြင့် ပြားသောကြောင့် မဟာကုသိုလ်စိတ် ၈-ပါး ပြားရပါသည်။
ဈာနင်ငါးပါးနှင့် ဆန့်ကျင်ဘက် နီဝရဏတရားများ တွဲစပ်ပြရသော်-
ဈာနင်ငါးပါး နှင့် ဆန့်ကျင်ဘက် နီဝရဏ
(၁) ဝိတက် နှင့် ထိနမိဒ္ဓ နီဝရဏ
(၂) ဝိစာရ နှင့် ဝိစိကိစ္ဆာ နီဝရဏ
(၃) ပီတိ နှင့် ဗျာပါဒ နီဝရဏ
(၄) သုခ နှင့် ဥဒ္ဓစ္စ နီဝရဏ
(၅) ဧကဂ္ဂတာ နှင့် ကာမစ္ဆန္ဒ နီဝရဏ

၎။ စတုတ္ထာရုပ္ပဈာန်ကို “နေဝဝေဒနာ နာဝေဒနာ” စသည်ဖြင့်ဆိုသော် ရနိုင်၊ မရနိုင် အကြောင်းပြ ဆုံးဖြတ်၍၊ မဂ်စိတ်နှင့် မိုးကြိုးတို့၏ တူပုံအခြင်းအရာကိုလည်း စပ်ဟပ်၍ ဖြေဆိုခဲ့ပါ။
စတုတ္တာရုပ္ပဈာန်ကို “နေဝဝေဒနာ နာဝေဒနာ” စသည်ဖြင့်ဆိုသော် ရနိုင်ပါသည်။
အကြောင်းမှာ – စတုတ္တာရုပ္ပဝိညာဏ်၌ “နေဝဝေဒနာ နာဝေဒနာ” ဟု သညာ၏အစွမ်းဖြင့် ဈာန်ကို မှတ်ခြင်းသည် (အမြွက်ကိုပြကာမျှဖြစ်သော) နိဒဿနနည်းမျှသာဖြစ်၍ ဝေဒနာစသော သမ္ပယုတ်တရားတို့သည်လည်း “နေဝဝေဒနာ နာဝေဒနာ” စသည် မည်ကြသောကြောင့် ဖြစ်ပါသည်။
မဂ်စိတ်နှင့် မိုးကြိုးတို့၏ တူပုံအခြင်းအရာကို စပ်ဟပ်ပြရသော် –
ဝရစိန်လက်နက် မိုးကြိုးစက်သည် တစ်ချက်တည်းဖြင့် သစ်ပင်စသည်တို့ကို အမြစ်နှင့်တကွ ဖျက်ဆီးနိုင်သကဲ့သို့ ထို့အတူ မဂ်စိတ်သည်လည်း တစ်ကြိမ်တည်းဖြင့်ပင် ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်ပါသည်။

၂၀၀၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အဘိဓမ္မာဘာသာရပ်ကို လေ့လာလိုက်စားသဖြင့် ရရှိနိုင်သော အကျိုးတရားများကို ရေးသား၍၊ လောကုတ္တရာစိတ်သည် အဘယ်လောကမှ လွတ်မြောက်သည်ကိုလည်း ဖော်ပြပါ။
အဘိဓမ္မာဘာသာရပ်ကို လေ့လာလိုက်စားခြင်းဖြင့် ရရှိနိုင်သော အကျိုးတရားများမှာ-
(၁) အဘိဓမ္မာအနက်တို့၏ သရုပ်သဘောလက္ခဏာကို ထိုးထွင်း၍ သိရခြင်းဟူသော မုချအကျိုး
(၂) ထိုသို့ သိရခြင်းလျှင် အကြောင်းရင်းရှိသော ပစ္စပ္ပန်အကျိုးစီးပွါး၊ တမလွန် အကျိုးစီးပွါးတို့ ပြီးပြည့်စုံနိုင်ခြင်းဟူသော အကျိုးဆက်တို့ ဖြစ်ပါသည်။
(၃) အဘိဓမ္မာဆိုင်ရာ ပရိယတ်တရားတော်ကို သုတမယဉာဏ်ဖြင့် သိမြင်ခြင်း၊
(၄) သိသည့်အတိုင်းကျင့်လျှင် ဈာန်အဘိဉာဏ်ဟူသော ဈာနသုခ ခံစားနိုင်ခြင်း၊
(၅) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာ ခံစားနိုင်ခြင်းဟူသော အကျိုးဆက်တို့ကို ရနိုင်ပါသည်။
လောကုတ္တရာစိတ်တို့၏ လောကမှ လွတ်မြောက်ပုံ
(၁) လောကုတ္တရာစိတ် ၈- ပါးတို့တွင်
(၁) မဂ်စိတ် ၄- ပါးတို့သည် – ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော သင်္ခါရလောကမှ အာသဝေါတရားတို့၏ အာရုံမဟုတ်သောအားဖြင့် လွတ်မြောက်ဆဲဖြစ်ပြီး၊
(၂) ဖိုလ်စိတ် ၄-ပါးတို့သည် – ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော သင်္ခါရလောကမှ အာသဝေါတရားတို့၏ အာရုံမဟုတ်သောအားဖြင့် လွတ်မြောက်ပြီးဖြစ်ပါသည်။

၂။ အမျက်ဒေါသ ဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေးသော အကြောင်း ၂- ပါးကို ဖော်ပြ၍၊ မနောဒွါရာဝဇ္ဇန်းကို “ဝုဋ္ဌော”ဟု ခေါ်ဆိုရခြင်းအကြောင်းကိုလည်း ဖြေဆိုပါ။
အမျက်ဒေါသဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေးသော အကြောင်း ၂-ပါး
(၁) အလုံးစုံသော အနိဋ္ဌာရုံ
(၂) အာဃာတဝတ္တု (ရန်ငြိုးဖွဲ့ကြောင်းတရား) ၉-ပါး
မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌော ဟု ခေါ်ဆိုရခြင်းအကြောင်း
မနောဒွါရာဝဇ္ဇန်းစိတ်ကို ပဉ္စဒွါရ၌ သန္တီရဏသည် စုံစမ်းအပ်ပြီးသော အာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်တတ်သောကြောင့် “ဝုဋ္ဌော” ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။

၃။ ဉာဏ်ရှိ ဉာဏ်မဲ့ လူနှစ်မျိုးတို့၌ ဉာဏ်ရှိ ဉာဏ်မဲ့ စိတ်နှစ်မျိုးကွဲပြားရခြင်း၏ အကြောင်းကို ဥပမာဖြင့် ထင်ရှားအောင် ရေးသား၍၊ ပညာသဘော၊ သုခသဘောရှိသော ဈာနင်နှစ်ပါးကိုလည်း ဖော်ပြပါ။
ဉာဏ်ရှိ ဉာဏ်မဲ့ စိတ်နှစ်မျိုးကွဲပြားရခြင်း၏ အကြောင်း
ဥပမာ- သုဘိက္ခ( သာယာဝပြော အစာပေါခြင်း)၊ ဒုဗ္ဘိက္ခ (ငတ်မွတ်ခေါင်းပါး အစာရှားခြင်း)တို့ကို မိုးတစ်ခုတည်းက ပြုအပ်သကဲ့သို့ ထို့အတူ ရုပ်၊ နာမ်တို့၏ သဘောလက္ခဏာကို ထိုးထွင်း၍ သိတတ်သော “ဉာဏ်” ရှိခြင်း၊ မရှိခြင်းကို စွဲ၍ ဉာဏ်ရှိ၊ ဉာဏ်မဲ့ စိတ်နှစ်မျိုးကွဲပြားခြင်း ဖြစ်ပါသည်။
ပညာသဘောရှိသော ဈာနင် = ဝိစာရ (အာရုံ၌ အဖန်ဖန်ပွတ်တိုက်ခြင်း၊ သုံးသပ်ခြင်း၏အစွမ်းဖြင့် ပညာနှင့် သဘောတူ၏။)
သုခသဘောရှိသော ဈာနင် = ဥပေက္ခာ ( ငြိမ်သက်သောဖြစ်ခြင်းသဘောရှိ၍ သုခနှင့် သဘောတူ၏။)

၎။ အာကာသာနဉ္စာယတနနှင့် နေဝသညာနာသညာယတနတို့တွင် ပါဝင်သော “အာယတန” နှစ်ပါးတို့၏ ခြားနားချက်ကို ဖော်ပြ၍၊ မဂ် ၄-ပါးပြားရခြင်း အကြောင်းကိုလည်း ဖြေဆိုပါ။
အာယတနနှစ်ပါး ခြားနားချက်
(၁) အာကာသနဉ္စယတန –
အာကာသာနဉ္စ အမည်ရသော ကောင်းကင်ပညတ်သည် သမ္ပယုတ်တရားနှင့် တကွဖြစ်သော ဈာနင်၏တည်ရာ ဖြစ်သောကြောင့် အာယတနမည်၏။
(၂) နေဝသညာ နာသညာယတန –
နေဝသညာနာသညာ အမည်ရသော သမ္ပယုတ်တရားနှင့်တကွဖြစ်သော စတုတ္ထာရုပ္ပဈာန်သည် မနာယတန၊ ဓမ္မာယတန၌ အကျုံးဝင်သောကြောင့် အာယတနမည်၏။
(တစ်နည်း) နေဝသညာ နာသညာ အမည်ရသော သညာသည်ပင် သမ္ပယုတ်တရားနှင့် တကွဖြစ်သော စတုတ္ထာရုပ္ပဈာန်၏ နိဿယပစ္စည်းဖြစ်၍ တည်ရာမှီရာဖြစ်သောကြောင့် အာယတနမည်ပါသည်။
မဂ် ၄- ပါး ပြားရခြင်းအကြောင်း
သဒ္ဓါစသော ဣနြေ္ဒတို့၏ မထက်မြက်သည်၏အဖြစ်၊ ထက်မြက်သည်၏အဖြစ်၊ အထူးသဖြင့် ထက်မြက်သည်၏အဖြစ်၊ အလွန်အကျူး အထူးထက်မြက်သည်၏အဖြစ်အားဖြင့် အစွမ်းသတ္တိပြား၍ သံယောဇဉ်တို့ကို ပယ်ခြင်းကိစ္စထူးသောကြောင့် (အင်္ဂါ ၅- ပါးစီ ရှိခြင်းအားဖြင့် တူသော်လည်း) မဂ် ၄-ပါး ပြားရပါသည်။

၂၀၀၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “သမ္မသမ္ဗုဒ္ဓ” ဂါထာကို အရှင်အနုရုဒ္ဓါဆရာ ဆိုရခြင်း အကျိုးတရားကို ပြည့်ပြည့်စုံစုံ ရှင်းပြ၍၊ “အဘိဓမ္မတ္ထသင်္ဂဟ”ပါဌ်ဖြင့် အဘယ်အချင်းအရာကို ပြဆိုပါသနည်း။
“သမ္မာသမ္ဗုဒ္ဓ” ဂါထာကို အရှင်အနုရုဒ္ဓါဆရာ ဆိုရခြင်းအကျိုး
အရှင်အနုရုဒ္ဓါဆရာသည် ကျမ်းကို အားမထုတ်မီ ရှေးအဖို့၌ ရတနတ္တယ ပဏာမ၊ အဘိဓေယျ၊ ကရဏပ္ပကာရ၊ ပကရဏာဘိဓန၊ ပယောဇဉ် ငါးပါးတို့ကို ပြခြင်းအကျိုးငှာ “သမ္မာသမ္ဗုဒ္ဓ” ဂါထာကို ဆိုခြင်းဖြစ်ပါသည်။
(၁) ကျမ်းအစ၌ ရတနတ္တယ ပဏာမကို ပြခြင်းအကျိုး
– အားထုတ်အပ်သော ကျမ်း၏အန္တရာယ်မရှိသဖြင့် ပြီးစီးခြင်းအကျိုး
– အရှင်အနုရုဒ္ဓါဆရာ၏ ရှိခိုးခြင်းလျှင် ရှေ့သွားရှိသော အကျင့်ဖြင့် စာသင်သားတို့ အန္တရာယ်မရှိပဲ သင်ယူခြင်း၊ ဆောင်ရွက်မှတ်သားခြင်း စသောကိစ္စများ ပြည့်စုံခြင်းအကျိုး
(၂) အဘိဓေယျ (ကျမ်း၏ဟောပုံအနက်) ကို ဆိုရခြင်းအကျိုး
– သိအပ်ပြီးသော အနက်ရှိသောကျမ်းကို သင်ယူခြင်း စသည်တို့၏ အစွမ်းဖြင့် ပညာရှိတို့ကို အဖန်တလဲလဲ မှီဝဲခြင်းအကျိုး
(၃) ကရဏပ္ပကာရ ( ကျမ်းပြုပုံအခြင်းအရာ) နှင့် ပယောဇဉ် (ကျမ်း၏အကျိုး) တို့ကို ပြရခြင်းအကျိုး
– စာသင်သားတို့၏ ကောင်းစွာ အားထုတ်ခြင်းကို ဖြစ်စေခြင်းအကျိုး
(၄) အဘိဓာန (ကျမ်း၏ အမည်) ကို ဆိုရခြင်းအကျိုး
– ခေါ်ဝေါ်ရလွယ်ကူခြင်း

၂။ “အဘိဝါဒိယ” ရှိခိုး၍ဟု ဆိုရာ၌ လိုအပ်သော ရှိခိုးမှု၊ မလိုအပ်သော ရှိခိုးမှုတို့ကို ထေရဝါဒ ဗုဒ္ဓအလိုကျ ဖော်ပြ၍ စိတ်လေးပါးကို အဘယ်ကြောင့် အစဉ်အတိုင်း ဆိုထားရသည်ကို ဂုဏ်ထူးဆောင် စာဖြေပုဂ္ဂိုလ်များ ဖြစ်သည်နှင့်အညီ ရှင်းပြပါ။
လိုအပ်သော ရှိခိုးမှု = ရတနာမြတ်သုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်လျက် ထက်သန်ထူးကဲသော သဒ္ဓါ၊ ပညာ၊ သတိ၊ ဝီရိယ၊ စိတ်စေတနာတို့ဖြင့် ရိုသေစွာ ကာယ၊ ဝစီ၊ မနောဒွါရတို့နှင့် အထူးအားဖြင့် ရှိခိုးခြင်း၊
မလိုအပ်သော ရှိခိုးမှု = ကြောက်၍ ရှိခိုးခြင်း၊ လာဘ်ကိုလို၍ ရှိခိုးခြင်း၊ အမျိုးအလေ့အားဖြင့် ရှိခိုးခြင်း
စိတ်လေးပါး အစဉ်အတိုင်း ဆိုထားရခြင်းအကြောင်း
ဘုံလေးပါး၌ဖြစ်ကုန်သော တရားတို့သည် အစဉ်အတိုင်း မြတ်ကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အယုတ်၊ အမြတ်၊ အထူးသဖြင့် မြတ်၊ အထူးသဖြင့် အလွန်မြတ်သော အစဉ်ဖြင့် ထိုတရားတို့ကို ပြလိုသောကြောင့် ကာမာဝစရ၊ ရူပါဝစရ၊ အရူပါဝစ၊ လောကုတ္တရာ ဟူသော အစဉ်အတိုင်း စိတ်လေးပါးကို ဆိုရခြင်းဖြစ်ပါသည်။

၃။ လောဘမူစိတ်၊ ဒေါသမူစိတ်တို့၌ သင်္ခါရအပြားကို ဆိုထားပါလျက် အဘယ်ကြောင့် မောဟမူစိတ်၌ သင်္ခါရအပြားဖြင့် မဆိုပါသနည်း။ ရှင်းပြ၍ အကုသိုလ်စိတ်နှင့် အဟိတ်စိတ်တို့ကို “အသောဘနစိတ်” ဟု ခေါ်ဝေါ်ရပုံကိုလည်း မဆိုရခြင်း ရှင်းလင်းဖြေဆိုပါ။
မောဟမူစိတ်၌ သင်္ခါရအပြား မဆိုရခြင်း
အာရုံကို မဆုံးဖြတ်နိုင်ခြင်း၊ အာရုံ၌ ပျံ့လွင့်ခြင်း၏ အစွမ်းဖြင့် ဖြစ်ရကား ပင်ကိုယ်သဘောအားဖြင့် ထက်မြက်သည်၏အဖြစ်၊ တိုက်တွန်းအပ်သည်၏အဖြစ် မရှိသောကြောင့် မောဟမူစိတ်တို့၌ သင်္ခါရအပြား မဆိုရပါ။
အသောဘဏစိတ် ခေါ်ဝေါ်ရပုံ
အကုသိုလ်စိတ်တို့သည် – လောဘအစရှိသော အပြစ်ရှိသောဟိတ်တို့နှင့် ယှဉ်သောကြောင့်၊
အဟိတ်စိတ်တို့သည် – အလောဘ အစရှိသော အပြစ်မရှိသော ဟိတ်တို့နှင့် မယှဉ်သောကြောင့်၊

၂၀၀၃-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရတနာ ၃-ပါးကို ဦးထိပ်ထား၍ လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်ကြရာ၌ ရရှိနိုင်မည့်အကျိုးတရားတို့ကို ဋီကာကျော်နှင့်အညီဖြေ၍၊ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်၏သဘောကိုလည်း နားလည်သမျှ ရှင်းပြပါ။
(၁၉၉၀၊ နံပါတ်-၁ နှင့် ၁၉၉၆၊ နံပါတ်-၄)

၂။ ဒေါမနဿနှင့် ပဋိဃတို့၏အထူးကို ရေး၍၊ အဘယ်မျှသော စိတ်တို့သည် အဘယ်အကြောင်းကြောင့် “သောဘဏစိတ်” ခေါ်သည်ကိုလည်း ဖြေပါ။
ဒေါမနဿနှင့် ပဋိဃအထူး
ဒေါမနဿသည် –
အနိဋ္ဌာရုံကို ခံစားခြင်းလက္ခဏာရှိသော ဝေဒနာစေတသိတ်ဖြစ်၍၊ ဝေဒနာက္ခန္ဓာ၌ အကျုံးဝင်၏။
ပဋိဃသည်-
ခက်ထန်ကြမ်းတမ်းခြင်းလက္ခဏာရှိသော ဒေါသစေတသိတ်ဖြစ်၍၊ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။
ဤသို့ ခန္ဓာအားဖြင့်လည်းကောင်း၊ လက္ခဏာအားဖြင့်လည်းကောင်း ထူးခြားပါသည်။
သောဘဏစိတ်
ကာမာဝစရစိတ် ၂၄-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ် ၈-ပါးတို့၏ အစွမ်းဖြင့် ၅၉-ပါး (တစ်နည်း) ကာမာဝစရစိတ် ၂၄-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ် ၄၀-ပါး တို့၏အစွမ်းဖြင့် ၉၁-ပါးသော စိတ်တို့ကို –
(၁) တင့်တယ်ခြင်းဟူသော သောဘဏဂုဏ်ကို ဆောင်တတ်သောကြောင့်လည်းကောင်း၊
(၂) သဒ္ဓါဂုဏ်၊ ဟိရီဂုဏ်စသော ကောင်းမြတ်သောဂုဏ်တို့နှင့် ယှဉ်သဖြင့် တင့်တယ်သောကြောင့်လည်းကောင်း၊
(၃) အလောဘ၊ အဒေါသစသော အပြစ်ကင်း၍ တင့်တယ်သော ဟိတ်တို့နှင့် ယှဉ်သောကြောင့်လည်းကောင်း သောဘဏစိတ်ဟု ခေါ်ပါသည်။

၃။ “အတုမြင် အတတ်သင်”ဟူသော စကားအရ မိဘများလှူဒါန်းမှုပြုသည်ကို အားကျ၍ ရဟန်းတော်ကို တွေ့မြင်သောအခါ ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ထဲရှိမုန့်ကို လှူဒါန်းလိုက်သော ကလေး၏သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်ကိုဖော်ပြ၍ ယင်းကုသိုလ်စိတ်ကို ဒါန၊ သီလ စသည်တို့နှင့် မြှောက်ပွါးပါက မည်မျှများပြားလာမည်ကိုလည်း မြှောက်ပွါးပုံနှင့်တကွ ဖြေဆိုပါ။
ကလေး၏ သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် တတိယစိတ်
ယင်းကုသိုလ်စိတ်ကို ဒါန၊ သီလတို့ဖြင့် မြှောက်ပွါးပါက-
အရှင်သုမင်္ဂလအလို
ကုသိုလ်စိတ် ၁ ပါး
ပုညကိရိယာဝတ္တု x ၁၀ ပါး
———————–
၁၀ ပါး
အာရုံ x ၆ ပါး
———————–
၆၀ ပါး
ဝီ အဓိပတိလျှော့ x ၃ ပါး
———————–
၁၈၀ ပါး
ကံ x ၃ ပါး
———————–
၅၄၀ ပါး
ဟီန၊ မဇ္ဈိမ၊ ပဏီတ x ၃ ပါး


၁၆၂၀ ပါး

အရှင်ဗုဒ္ဓဒတ္ထမထေရ်အလို
ကုသိုလ်စိတ် ၁ ပါး
ပုညကိရိယာဝတ္တု x ၁၀ ပါး
———————–
၁၀ ပါး
အာရုံ x ၆ ပါး
———————–
၆၀ ပါး
(ဝီမံသာမလျှော့)အဓိပတိ x ၄ ပါး
———————–
၂၄၀ ပါး
ကံ x ၃ ပါး
———————–
၇၂၀ ပါး
ဟီန၊ မဇ္ဈိမ၊ ပဏီတ x ၃ ပါး


၂၁၆၀ ပါး

ကာလ၊ ဒေသ စသည်တို့၏ အပြားအားဖြင့်လည်း မရေတွက်နိုင်အောင် များပြားပါသည်။

၎။ “ဆန့်ကျင်ဘက် နီဝရဏတို့ကို လောင်မြိုက်စေတတ်သောကြောင့် ဈာန်မည်၏” ဟုဆိုရာ၌ အဘယ်နီဝရဏကို အဘယ်ဈာနင်က လောင်မြိုက်စေပါသနည်း။ အသီးသီးဖြေ၍၊ “နေဝသညာ နာသညာယတန” ၌ သညာနှစ်ခု၏ ခြားနားချက်နှင့် “အာယတန” အရကိုလည်း ဖော်ပြခဲ့ပါ။
“ဆန့်ကျင်ဘက်နီဝရဏတို့ကို လောင်မြိုက်စေတတ်သောကြောင့် ဈာန်မည်၏” ဟုဆိုရာ၌ အောက်ပါ နီဝရဏတို့ကို အောက်ပါဈာနင်တို့က အသီးသီးလောင်မြိုက်စေပါသည်-
နီဝရဏ ၊ ဈာနင်
(၁) ထိနမိဒ္ဓ နီဝရဏ ၊ ဝိတက်
(၂) ဝိစိကိစ္ဆာ နီဝရဏ ၊ ဝိစာရ
(၃) ဗျာပါဒ နီဝရဏ ၊ ပီတိ
(၄) ဥဒ္ဓစ္စ နီဝရဏ ၊ သုခ
(၅) ကာမစ္ဆန္ဒ နီဝရဏ ၊ ဧကဂ္ဂတာ
နေဝသညာနာသညာယတန၌ သညာနှစ်ခုခြားနားချက်
နေဝသညာ –
(စတုတ္ထ အရူပါဝစရစိတ်၌) သညာသည် ဝိပဿနာပညာ၏ အာရုံအဖြစ်သို့ရောက်၍ သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းကို ဖြစ်စေခြင်းဟု ဆိုအပ်သော ထင်ရှားသော သညာကိစ္စမရှိသောကြောင့် “နေဝသညာ” မည်ပါသည်။
နာသညာ –
(ရေသည် အာပေါဓာတ်ဖြစ်သော်လည်း ရေပူ၌ တေဇောဓာတ်သည် သိမ်မွေ့စွာ ထင်ရှားရှိသကဲ့သို့) ရုန့်ရင်းသော သင်္ခါရတို့မှကြွင်းသော သိမ်မွေ့သော သင်္ခါရအဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် “န အသညာ = နာသညာ” မည်ပါသည်။
ဤသို့အားဖြင့် ခြားနားပါသည်။
အာယတန အရ
နေဝသညာနာသညာယတနပုဒ်၌ “နေဝသညာနာသညာ” အမည်ရသော သမ္ပယုတ်တရားနှင့်တကွဖြစ်သော စတုတ္ထာရုပ္ပဈာန်သည်ပင် မနာယတန၊ ဓမ္မာယတန၌ အကျုံးဝင်သောကြောင့် “အာယတန” အရကောက်ရပါသည်။
(တစ်နည်း) နေဝသညာနာသညာ အမည်ရသော သညာသည်ပင် သမ္ပယုတ်တရားနှင့်တကွဖြစ်သော စတုတ္ထာရုပ္ပဈာန်၏ နိဿယပစ္စည်းဖြစ်၍ တည်ရာမှီရာဖြစ်သောကြောင့် “အာယတန” အရကောက်ပါသည်။

၂၀၀၄-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အကြမ်းဖက်သမားတို့၏ သန္တာန်၌ဖြစ်သော စေတသိက်နှင့် ထိုအကြမ်းဖက်ဝါဒကို ဆန့်ကျင်သူတို့၏ သန္တာန်၌ဖြစ်သော စေတသိက်တို့၏ (က) သဘောလက္ခဏာ၊ (ခ) ဥပမာတို့ကို ဖြေ၍၊ ကာယပဿဒ္ဓိ၌ ကာယအရကိုလည်း ကောက်ပြပါ။
ဒေါသစေတသိက်
(က) သဘော – ကိုယ်စိတ်နှစ်ပါးကို (သို့) မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သောသဘော၊
လက္ခဏာ – ခက်ထန်ကြမ်းတမ်းခြင်းလက္ခဏာ၊
(ခ) ဥပမာ – တုတ်ဖြင့် ပုတ်ခတ်အပ်သော မြွေဟောက်ကဲ့သို့၊
အဒေါသစေတသိက်
(က) သဘော = ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောတရား
(မခက်ထန် မကြမ်းတမ်းခြင်း နူးညံ့သိမ်မွေ့ခြင်း သဘောတရား)
လက္ခဏာ = မကြမ်းတမ်းခြင်း လက္ခဏာ၊
(ခ) ဥပမာ = အရာရာ၌ လိုက်လျော သဘောချင်းတူမျှသော မိတ်ဆွေကောင်းနှင့် တူပါသည်။
ကာယအရ (၁၉၉၈၊ နံပါတ်- ၁)

၂။ လောကဓာတ်ပညာတွင် မတွေ့မြင်ရပဲ ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာ၌သာလာရှိသော အသိ ၃-မျိုးတို့၏ သဘောသွားကို ဥပမာခင်းရှင်းပြ၍၊ ကျောင်းသားတစ်ယောက်က စာမှတ်မိခြင်းသည် မည်သည့်အသိမျိုး ဖြစ်မည်ကိုလည်း ထင်မြင်ချက်ပေးပါ။
အသိ ၃- မျိုးတို့၏ သဘောသွား (၁၉၉၀၊ နံပါတ်-၂)
ကျောင်းသားတစ်ယောက် စာမှတ်မိခြင်းသည် သညာသိ ဖြစ်ပါသည်။

၃။ ဒုစရိုက်ပြုပြီး ဝိပ္ပဋိသာရဖြစ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်သည် အဘယ့်ကြောင့် ဒေါသမူဒွေးနှင့်သာ ယှဉ်တွဲဖြစ်ရသည်ကိုလည်းကောင်း၊ လောကုတ္တရာစိတ်၌ အပ္ပမညာစေတသိက်သည် အဘယ့်ကြောင့် မယှဉ်ရသည်ကိုလည်းကောင်း လိုရင်းမိအောင် ဖြေပါ။
ဒုစရိုက်မှုပြုပြီး ဝိပ္ပဋိသာရဖြစ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ ကုက္ကုစ္စစေတသိက်ဖြစ်ပါသည်။ ထိုစေတသိက်သည် ပြုအပ်ပြီးသော ဒုစရိုက်အာရုံ၌ ထိပါးချုပ်ခြယ်ခြင်း(ဒေါသ) ၏အစွမ်းဖြင့်သာလျှင် ဖြစ်သောကြောင့် ဒေါသမူဒွေး၌သာ ယှဉ်တွဲဖြစ်ရပါသည်။
လောကုတ္တရာစိတ်၌ အပ္ပမညာစေတသိက် မယှဉ်ရခြင်း (၂၀၀၂၊ နံပါတ်-၃)

၂၀၀၅-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ဗုဒ္ဓဘာသာဝင် သူတော်စင် စစ်စစ်ဖြစ်ကြရာ၌ ပဓာနပါဝင်သော စေတသိက်အမည်ကို ဖော်ပြ၍၊ ယင်းစေတသိက်၏သဘော၊ လက္ခဏာ၊ ဥပမာ တို့ကိုလည်း ဖြေဆိုပါ။
ဗုဒ္ဓဘာသာဝင်သူတော်စင် စစ်စစ်ဖြစ်ကြရာ၌ ပဓာနပါဝင်သော စေတသိက်မှာ သဒ္ဓါစေတသိက်ဖြစ်ပါသည်။
သဒ္ဓါ၏သဘော = ရတနာ ၃-ပါး၊ ကံ ကံ၏အကျိုးတရားစသည်တို့၌ ယုံကြည်တတ်သောသဘော၊
= (တစ်နည်း) ဘုရားအစရှိသော ကောင်းသောအာရုံတို့၌ ကြည်ညိုခြင်းသဘော၊
လက္ခဏာ = ကောင်းသောအာရုံ၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်းလက္ခဏာ၊
ဥပမာ = ရေနောက်ကို ကြည်လင်စေတတ်သော စကြာဝတေးမင်း၏ ပတ္တမြားရတနာကဲ့သို့၊

၂။ အကုသိုလ်ပြုတိုင်း ပါဝင်သော အကုသိုလ်စေတသိက်တို့၏ ပါဝင်ပုံအခြင်းအရာတို့ကို စုံစုံညီညီ ယှဉ်တွဲဖော်ပြ၍၊ ကရုဏာ၊ မုဒိတာတို့၏ ပစ္စေကယှဉ်ပုံကိုလည်း သိသာရုံမျှ ဖြေဆိုပါ။
(၁၉၉၆၊ နံပါတ် – ၃) နှင့် (၁၉၉၃၊ နံပါတ် – ၃)

၃။ အပ္ပမညာနှင့် ဝိရတီစေတသိက်တို့၏ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ပုံကို ရှင်းပြ၍ ဝိရတီစေတသိက်တို့၏ အထူးပြုပုံကိုလည်း ဖြေဆိုပါ။
အပ္ပမညာစေတသိက်တို့ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ခြင်း (၁၉၉၃၊ နံပါတ်- ၂)
ဝိရတီစေတသိက်တို့ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ခြင်း
ဝိရတီစေတသိက်တို့သည် ကုသိုလ်သဘောရှိ၏၊ မဟာဝိပါက်စိတ်သည် အဗျာကတသဘောရှိ၏။ ဤသို့ ဇာတ်သဘောကွဲပြားသောကြောင့် ဝိရတီစေတသိက်တို့သည် မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ပါ။
ဝိရတီစေတသိက်တို့ အထူးပြုပုံ
ဝိရတီစေတသိက်တို့သည် ကာမာဝစရကုသိုလ်စိတ်တို့၌သာ ယှဉ်၍ ဝိပါက်၊ ကြိယာစိတ်တို့၌ မယှဉ်သောကြောင့် ကုသိုလ်စိတ်တို့မှ ဝိပါက်၊ ကြိယာစိတ်တို့ကို အထူးပြုပါသည်။ ဤသို့ဖြင့် ကာမသောဘဏစိတ်ချင်း ကွဲပြားထူးခြားအောင် ပြုပါသည်။

၂၀၀၆-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ စေတသိက်သည် စိတ်နှင့်ယှဉ်၏ ဟုဆိုရာ အဘယ်ကဲ့သို့ဖြစ်ခြင်းကို ယှဉ်သည်ဟု ဆိုပါသနည်း။ ဖြေဆို၍ ဉာဏ်နှင့်ဒိဋ္ဌိတို့၏ ထူးခြားဟန်ကိုလည်း ပေါ်လွင်ထင်ရှားအောင် ရေးသားဖြေဆိုပါ။
စေတသိက်သည် စိတ်နှင့်ယှဉ်၏ ဟုဆိုရာ-
(၁) ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း
(၂) ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း
(၃) ဧကာလမ္ဗဏ = စိတ်နှင့်အာရုံတူခြင်း
(၄) ဧကဝတ္တုက = စိတ်နှင့်မှီရာတူခြင်း ဟူသော စေတောယုတ္တလက္ခဏာနှင့် ပြည့်စုံခြင်းကို “ယှဉ်သည်”ဟု ဆိုပါသည်။
ဉာဏ်နှင့်ဒိဋ္ဌိအထူး (၂၀၀၃၊ နံပါတ်-၁)

၂။ သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုပါလျက် ထိုဆင်းရဲဒုက္ခ မကင်းပျောက်ခဲ့လျှင် ကရုဏာဟု ဆိုနိုင်၊ မဆိုနိုင် အကြောင်းပြဖြေဆိုပြီးလျှင်၊ ဝိရတိယော နာမ ၌ ဝိရတီ၏ အဓိပ္ပါယ်နှင့်အပြား တို့ကိုလည်း ရေးသားဖြေဆိုခဲ့ပါ။
ကရုဏာဟူသည် သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်နိုင်သည်ဖြစ်စေ၊ မပယ်ဖျောက်နိုင်သည်ဖြစ်စေ သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုခြင်းလက္ခဏာရှိသောကြောင့် သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုပါလျက် ထိုဆင်းရဲဒုက္ခ မကင်းပျောက်သော်လည်း ကရုဏာဟု ဆိုနိုင်ပါသည်။
ဝိရတီ၏အဓိပ္ပါယ်
အသက်မွေးဝမ်းကြောင်းနှင့်မဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါး၊ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်တတ်သောကြောင့် ဝိရတီမည်ပါသည်။
ဝိရတီအပြား
(၁) သမ္မာဝါစာ ဝိရတီ (၂) သမ္မာကမ္မန္တ ဝိရတီ (ဂ) သမ္မာအာဇီဝ ဝိရတီအားဖြင့် ၃-ပါး အပြားရှိပါသည်။

၃။ ကာမနယ်ပယ်တွင် သနားခြင်းနှင့် ဝမ်းမြောက်ခြင်းသည် အတူတကွယှဉ်တွဲ၍ ဖြစ်နိုင်၊ မဖြစ်နိုင် အကြောင်းပြ၍ ဖြေဆိုပြီးလျှင်၊ မနောဓာတုတ္တိက- ၌ မနောဓာတ်၏ အဓိပ္ပါယ်ကိုလည်း ရှင်းပြခဲ့ပါ။
သနားခြင်း (ကရုဏာ) နှင့် ဝမ်းမြောက်ခြင်း(မုဒိတာ) တို့သည် ကာမနယ်ပယ်တွင် အတူတကွ ယှဉ်တွဲ၍ မဖြစ်နိုင်ပါ။ အကြောင်းမှာ- ကရုဏာသည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုပြီး၊ မုဒိတာသည် သုခိတသတ္တဝါပညတ်ကို အာရုံပြု၏။ ဤသို့ အာရုံခြင်းမတူသောကြောင့် ကာမနယ်ပယ်ဖြစ်သော မဟာကုသိုလ်စိတ်နှင့် မဟာကြိယာစိတ်တို့တွင် အတူတကွ ယှဉ်တွဲ၍ မဖြစ်နိုင်ပါ။
မနောဓာတ် အဓိပ္ပါယ် (၁၉၉၈၊ နံပါတ်-၃)

၂၀၀၇-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ စိတ်မှာ အဟိတ်စိတ်ရှိသကဲ့သို့ စေတသိက်မှာ အဘယ့်ကြောင့် အဟိတ်စေတသိက် မရှိပါသနည်း။ အကြောင်းပြဖြေဆို၍ အဒေါသဖြင့် မေတ္တာ၊ တတြမဇ္ဈတ္တတ္တာဖြင့် ဥပေက္ခာကိုယူရခြင်း၏ အကြောင်းကိုလည်း ရှင်းလင်းဖြေဆိုပါ။
အဟိတ်စေတသိက်မရှိခြင်း
အဟိတ်စိတ်၌သာ သီးခြားယှဉ်သောစေတသိက် မရှိခြင်းကြောင့် အဟိတ်စေတသိက် မရှိခြင်း ဖြစ်ပါသည်။
အဒေါသဖြင့် မေတ္တာကို ယူရခြင်း (၁၉၉၅၊ နံပါတ်-၁)

၂။ အသိတရားသည် လူသားတို့အား ကျေးဇူးများသောကြောင့်ဖြစ်၍ “သညာသိ၊ ဝိညာဏ်သိ၊ ပညာသိ”ဟူသော အဘိဓမ္မာလာ စကားရပ်တို့၏ အသိတရား ထူးခြားဆန်းကြယ် ကွဲပြားမှုကို ဥပမာပြ၍ လူအများနားလည်အောင် ရှင်းပြခဲ့ပါ။
အသိ ၃-မျိုးအထူး(၁၉၉၀၊ နံပါတ်-၂)

၃။ “ရုပ်နာမ်ဓမ္မ၊ သင်္ခါရကို ငါ- ဟု ထောင်လွှား အမြင်မှားကာ ဖြစ်ကုန်စွာ၏”ဟု ဆိုရာ၌ မာနနှင့်ဒိဋ္ဌိတို့သည် တူသောသဘောရှိသောကြောင့် တစ်ခုသော စိတ္တုပ္ပါဒ်၌ အတူတကွဖြစ်နိုင်၊ မဖြစ်နိုင် ဥပမာအားဖြင့် ထင်စွာပြ၍ ဖြေဆိုခဲ့ပါ။
မာနနှင့် ဒိဋ္ဌိ (၁၉၉၂၊ နံပါတ်-၂)

၂၀၀၈-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရှင်အနုရုဒ္ဓါဆရာသည် မြတ်စွာဘုရား၏ ဂုဏ်တို့ကို ဖော်ပြနိုင်သော အခြားသောပုဒ်တို့ဖြင့် မချီမွမ်းမူ၍ “သမ္မာသမ္ဗုဒ္ဓံ အတုလံ” ဟူသော ဤနှစ်ပုဒ်ဖြင့်သာ မြတ်စွာဘုရားအား ချီးမွမ်းရခြင်း၏ အကြောင်းကို ဋီကာကျော်မြန်မာပြန်လာသည့်အတိုင်း ဖြေဆိုခဲ့ပါ။
“သမ္မာသမ္ဗုဒ္ဓံ အတုလံ” ဟူသော ဤနှစ်ပုဒ်ဖြင့်သာ မြတ်စွာဘုရားအား ချီးမွမ်းရခြင်း၏ အကြောင်း-
မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ဖော်ပြနိုင်သော အခြားသောပုဒ်များ ရှိသော်လည်း “သမ္မာသမ္ဗုဒ္ဓံ အတုလံ” ဟူသော ဤနှစ်ပုဒ်သည် အကျဉ်းအားဖြင့် ဟေတု၊ ဖလ၊ သတ္တုပကာရသမ္ပဒါ၏အစွမ်းဖြင့် သုံးပါးအပြားရှိသော မြတ်စွာဘုရားဂုဏ်တော်တို့ကို ထင်ရှားစွာပြနိုင်သောကြောင့် ထိုနှစ်ပုဒ်တို့ဖြင့်သာ မြတ်စွာဘုရားအား ချီးမွမ်းတော်မူခြင်း ဖြစ်ပါသည်။

၂။ ပါဏာတိပါတစသည် လွန်ကျူးသောပုဂ္ဂိုလ်၌ အသင်္ခါရိက၊ သသင်္ခါရိကဖြစ်သည်ဟု သိအပ်ပုံကို အကြောင်းပြဖြေဆိုပြီးလျှင်၊ ကုသိုလ်နှင့် အကုသိုလ်တို့၏ ဆန့်ကျင်ပုံကိုလည်း ရေးသားခဲ့ပါ။
ပါဏာတိပါတစသည်ကို လွန်ကျူးသောပုဂ္ဂိုလ်၌ အသင်္ခါရိက၊ သသင်္ခါရိက ဖြစ်သည်ဟု သိအပ်ပုံ
ပါဏာတိပါတစသည် လွန်ကျူးရာ၌ သူတပါးတို့ တိုက်တွန်းမှုမပါဘဲ ထက်မြက်သော စိတ်ထားဖြင့် ပြုသောအခါ အသင်္ခါရိကစိတ်ဖြစ်၍၊ သူတပါးတို့ တိုက်တွန်း၍ နုံ့ညံ့သောစိတ်ထားဖြင့် ပြုသောအခါ သသင်္ခါရိကဖြစ်သည်ဟု သိအပ်ပါသည်။
ကုသိုလ်နှင့် အကုသိုလ်တို့ ဆန့်ကျင်ပုံ
ကုသိုလ်သည် ပယ်တတ်သော (ပဟာယက) တရား၊ အကုသိုလ်သည် ပယ်အပ်သော (ပဟာတဗ္ဗ)တရား- ဤသို့အားဖြင့် ဆန့်ကျင်ကြပါသည်။

၃။ “ကံနှင့်တူသောအကျိုးကို ပေး၏” ဟုဆိုရာ၌ ဧကန်ပေးစွမ်းနိုင်သော ကုသိုလ်များကို အကြောင်းပြ ဖြေဆိုပြီးလျှင်၊ ရူပဈာန်၊ အရူပဈာန်၊ လောကုတ္တရာဈာန်ရှိသကဲ့သို့ ကာမာဝစရဈာန် ရှိ၊ မရှိကိုလည်း အကြောင်းပြ၍ ဆုံးဖြတ်ခဲ့ပါ။
“ကံနှင့်တူသော အကျိုးကိုပေး၏” (၁၉၉၄- ၄)
ရူပဈာန်၊ အရူပဈာန်၊ လောကုတ္တရာဈာန်ရှိသကဲ့သို့ ကာမာဝစရဈာန် ရှိပါသည်။
ကာမာဝစရဈာန်ဟူသည် နီဝရဏ၊ ဝိတက်၊ ဝိစာရ၊ နိကန္တိ စသည်တို့ကို ငြိမ်းအေးစေရာ၌ မြဲမြံခိုင်ခံ့တည်တံ့သော ဥပစာရဈာန် ဖြစ်ပါသည်။

၂၀၀၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သောမနဿ သဟဂတံ၌ သုမန-အရ၊ သောမနဿ-အရတို့ကို ပြည့်စုံစွာ ကောက်ပြ၍ သောမနဿသဟဂတ ဖြစ်ပုံကိုလည်း အဘိဓမ္မာဂုဏ်ထူးဆောင်ပီပီ ဋီကာကျော်နှင့်အညီ ရေးသားဖြေဆိုပါ။
သုမန-အရ သာယာဖွယ်ကောင်းသော စိတ်ရှိသောပုဂ္ဂိုလ်၊
သောမနဿ-အရ သာယာဖွယ်ကောင်းသော စိတ်ရှိသောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်သော ဝေဒနာ(စိတ်၌ဖြစ်သော သုခဝေဒနာ) ဖြစ်ပါသည်။
သောမနဿသဟဂတဖြစ်ပုံ
စိတ်သည် သောမနဿဝေဒနာနှင့်တကွ ဧကုပ္ပါဒအစရှိသည်တို့၏ အစွမ်းဖြင့် နှီးနှောသောကြောင့် သောမနဿသဟဂတ ဖြစ်ပါသည်။

၂။ မဂ်စိတ်နှင့် ဖိုလ်စိတ်တို့၏ လောကုတ္တရာမည်ပုံကို ခွဲခြားဖြေဆို၍၊ ဒိဋ္ဌိဂတသမ္ပယုတ္တံ၌ ဒိဋ္ဌိ၏ဖြစ်ကြောင်း တရားများကိုလည်း ဖြေဆိုခဲ့ပါ။
မဂ်စိတ်နှင့် ဖိုလ်စိတ်တို့၏ လောကုတ္တရာမည်ပုံ
ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော သင်္ခါရလောကမှ အာသဝေါတရားတို့၏ အာရုံမဟုတ်သောအားဖြင့် လွတ်မြောက်ဆဲဖြစ်သောကြောင့် မဂ်စိတ်သည် လောကုတ္တရာမည်ပါသည်။
ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော သင်္ခါရလောကမှ အာသဝေါတရားတို့၏ အာရုံမဟုတ်သောအားဖြင့် လွတ်မြောက်ပြီးဖြစ်သောကြောင့် ဖိုလ်စိတ်သည် လောကုတ္တရာမည်ပါသည်။
ဒိဋ္ဌိဖြစ်ကြောင်းတရားများ (၁၉၉၀ – ၃)

၃။ အပါယ်ဘူမိဒုဂ္ဂတိသို့ ရောက်စေတတ်သော အကုသိုလ်စိတ်ကို အဘယ်ကြောင့် “ပါပ”ဟု ခေါ်ဆိုရသည်ကို ရေးသားဖြေဆို၍၊ အောက်ပါတို့၏ အဓိပ္ပါယ်ကိုလည်း ဋီကာကျော်နှင့်အညီ ဖြေဆိုပါ။
(က) သမ္ပဋိစ္ဆန၊ (ခ) သန္တီရဏ၊ (ဂ) ဝုဋ္ဌော၊
အကုသိုလ်စိတ်ကို “ပါပ”ဟု ခေါ်ဆိုရခြင်း
မိမိကိန်းရာသတ္တဝါကို အပါယ်အစရှိသော ဒုက္ခသို့ ကျရောက်စေတတ်သောကြောင့် အကုသိုလ်စိတ်ကို “ပါပ”ဟု ခေါ်ဆိုရပါသည်။
(က) သမ္ပဋိစ္ဆန = ပဉ္စဝိညာဉ်သည် ယူအပ်ပြီးသော ရူပါရုံအစရှိသောအာရုံကို ခံယူသကဲ့သို့ ဖြစ်သောကြောင့် သမ္ပဋိစ္ဆန မည်၏။
(ခ) သန္တီရဏ = သမ္ပဋိစ္ဆိုင်းသည် ခံယူအပ်ပြီးသော ရူပါရုံအစရှိသောအာရုံကို ကောင်းစွာစုံစမ်းတတ်သောကြောင့် သန္တီရဏ မည်၏။
(ဂ) ဝုဋ္ဌော = မနောဒွါရာဝဇ္ဇန်းစိတ်ကိုပင် ပဉ္စဒွါရ၌ သန္တီရဏသည် စုံစမ်းအပ်ပြီးသောအာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်တတ်သောကြောင့် ဝုဋ္ဌောမည်၏။

၎။ ဈာနင်ငါးပါးတို့တွင် ဝိတက်၊ ဝိစာရ၊ ပီတိတို့သည် အဘယ်နီဝရဏ၏ ဆန့်ကျင်ဘက်ဖြစ်သည်ကို အကြောင်းနှင့်တကွ ဖြေဆို၍၊ ရူပါဝစရစိတ်နှင့် အရူပါဝစရစိတ်တို့၏ ဖြစ်ပုံအထူးကိုလည်း ဖြေဆိုခဲ့ပါ။
ဝိတက်၊ ဝိစာရ၊ ပီတိ ဈာနင်တို့သည် နီဝရဏတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပုံ
(၁) သင့်လျော်သောအကြောင်းအားဖြင့် ကြံစည်ခြင်း၏အစွမ်းဖြင့် လှုပ်ရှားခြင်း၊ ပျံ့လွင့်ခြင်းနှင့်အတူတကွ ဖြစ်သောကြောင့် ဝိတက်ဈာနင်သည် ထိုင်းမှိုင်းတွေဝေခြင်း သဘောရှိသော ထိန-မိဒ္ဓနီဝရဏ၏ ဆန့်ကျင်ဘက် ဖြစ်၏။
(၂) အာရုံ၌ အဖန်ဖန်ပွတ်တိုက်ခြင်း၊ သုံးသပ်ခြင်း၏အစွမ်းဖြင့် ပညာနှင့်တူသော သဘောရှိသောကြောင့် ဝိစာရဈာနင်သည် အာရုံ၌ ကောင်းစွာမတည် ယုံမှားတတ်သော ဝိစိကိစ္ဆာနီဝရဏ၏ ဆန့်ကျင်ဘက် ဖြစ်၏။
(၃) ဝမ်းမြောက်တတ် နှစ်သက်တတ်သောသဘောရှိသောကြောင့် ပီတိဈာနင်သည် ခက်ထန်ကြမ်းတမ်းလျက် အာရုံကို မနှစ်သက်နိုင်သော ဗျာပါဒနီဝရဏ၏ ဆန့်ကျင်ဘက်ဖြစ်၏။
ရူပါဝစရစိတ်နှင့် အရူပါဝစရစိတ်တို့၏ ဖြစ်ပုံအထူး
ရူပါဝစရစိတ်သည် သမ္ပယောဂအင်္ဂါတို့၏ အစွမ်းဖြင့်လည်းကောင်း၊ ပဟာနအင်္ဂါတို့၏ အစွမ်းဖြင့်လည်းကောင်း ၅-ပါး ပြားရ၏။
အရူပါဝစရစိတ်သည် အာရုံ၏အစွမ်းဖြင့် ၄-ပါး ပြားရသည်။
ဤသို့လျှင် ရူပါဝစရစိတ်နှင့် အရူပါဝစရစိတ်တို့၏ ဖြစ်ပုံထူးပါသည်။

၂၀၁၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ္တသဘောတရား၏ ခက်ခဲနက်နဲပုံကို ဉာဏ်ပညာဖြင့် ရှုဆင်ခြင်၍ မဖောက်မပြန်သော သဘောတရားသည် ပရမတ္တမည်၏ နှင့် ဖောက်ပြန်သော သဘောတရားသည် ရုပ်မည်၏ – ဟူသော စကားနှစ်ရပ် မဆန့်ကျင်ပုံကို သေချာရှင်းလင်း ဖြေဆိုခဲ့ပါ။
စကားနှစ်ရပ် မဆန့်ကျင်ပုံ
“မဖောက်မပြန်သော သဘောတရားသည် ပရမတ္တ မည်၏” ဟူသည် မိမိ၏ ပင်ကိုယ်သဘောလက္ခဏာမှ မဖောက်ပြန်ခြင်း ဖြစ်ပါသည်။ “ဖောက်ပြန်သော သဘောတရားသည် ရုပ်မည်၏” ဟူသည် သန္တတိပညတ်ဟူသော ရုပ်အစဉ်အဆက်၏ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုစကားနှစ်ရပ် မဆန့်ကျင်ပါ။

၂။ ဗုဒ္ဓဘာသာဝင်သူတော်စဉ်များ ကုသိုလ်ပြုတိုင်း ဆုတောင်းလေ့ရှိသော နိဗ္ဗာန်၏အဓိပ္ပါယ်ကို ဋီကာကျော်၌ လာသောနည်းနှစ်နည်းဖြင့် ရေးသားဖြေဆို၍၊ “ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ”၌ သင်္ခါရ၏အဓိပ္ပါယ်ကိုလည်း ဂုဏ်ထူးဆောင်ပီပီ ပြည့်စုံစွာ ဖြေဆိုခဲ့ပါ။
နိဗ္ဗာန်၏အဓိပ္ပါယ်
ဘဝကြီး ဘဝငယ် အသီးသီးတို့ကို ချုပ်စပ်တတ်သောကြောင့် တဏှာကို “ဝါန” ဟု ဆိုအပ်၏။ ထိုဝါနဟုဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် “နိဗ္ဗာန်”ဟု ခေါ်ပါသည်။
(တစ်နည်း) ရာဂအစရှိသော မီး ၁၁-ပါးတို့၏ ငြိမ်းအေးကြောင်း ဖြစ်သောကြောင့် “နိဗ္ဗာန်”ဟု ခေါ်ပါသည်။
“ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ”၌ သင်္ခါရ၏အဓိပ္ပါယ်
တွန့်တိုဆုတ်နစ်နေသော နောက်စိတ်ကို ထက်မြက်သည်၏အဖြစ်ဟု ဆိုအပ်သော တန်ဆာအထူးဖြင့် ပြုပြင်စီရင်တတ်သောကြောင့် သင်္ခါရမည်ပါသည်။

၃။ မောဟမူစိတ်တို့၏ အလုံးစုံသောအာရုံ၌ တပ်မက်နှစ်သက်ခြင်း၊ ပြစ်မှားခြင်းတို့ ကင်းရခြင်းအကြောင်းကို ရေးသားဖြေဆို၍၊ စက္ခုဝိညာဉ်ဒွေး၏ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရခြင်း အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
မောဟမူစိတ်တို့၏ အလုံးစုံသောအာရုံ၌ တပ်မက်နှစ်သက်ခြင်း၊ ပြစ်မှားခြင်းတို့ ကင်းရခြင်းအကြောင်း
မောဟမူစိတ်တို့သည် အလွန်တွေဝေခြင်း၊ အလွန်တုန်လှုပ်ခြင်းတို့ကြောင့် အလုံးစုံသောအာရုံ၌ တပ်မက်နှစ်သက်ခြင်း၊ ပြစ်မှားခြင်းတို့ ကင်းရခြင်းဖြစ်ပါသည်။
စက္ခုဝိညာဉ်ဒွေး၏ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရခြင်းအကြောင်း
ဝတ္တုအာရုံ ထိခိုက်ခြင်းအားနည်းသောကြောင့် စက္ခုဝိညာဉ်ဒွေး၏ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရခြင်းဖြစ်ပါသည်။

၎။ ဈာနင်မည်သော သုခ၊ ဧကဂ္ဂတာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို အကြောင်းနှင့်တကွ ရေးသားဖြေဆို၍၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့သည် အဘယ်အကျိုးငှာ ဖိုလ်ဝင်စားကြပါသနည်း ဖြေဆိုခဲ့ပါ။
ဈာနင်မည်သော သုခ၊ ဧကဂ္ဂတာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားများ
သုခဈာနင်သည် ငြိမ်သက်ခြင်း၊ အေးမြခြင်းသဘောရှိသောကြောင့် မငြိမ်သက်ခြင်း၊ နောင်တတဖန် ပူပန်ခြင်းသဘောရှိသော ဥဒ္ဓစ္စ- ကုက္ကုစ္စနီဝရဏ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။
ဧကဂ္ဂတာဈာနင်သည် ကာမဂုဏ်အာရုံကို တောင့်တတတ်သော ရာဂ၏ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ကာမစ္ဆန္ဒနီဝရဏ၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။
ဖိုလ်ဝင်စားခြင်းအကြောင်း
ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်းအကျိုးငှာ ဖိုလ်ဝင်စားကြခြင်း ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ကိလေသာတရားကို အကြွင်းအကျန်မရှိအောင် ပယ်သတ်နိုင်သော မဂ်စိတ်တို့၏ လောကုတ္တရာမည်ပုံကို တိကျမှန်ကန်စွာ ဖြေဆို၍၊ လူသားအားလုံး၌ “ဇောစဉ်အစ လောဘက” ဟူသော စကားမှန် မမှန်ကိုလည်း သေချာစွာ သုံးသပ်ဖြေဆိုခဲ့ပါ။
မဂ်စိတ်တို့၏ လောကုတ္တရာမည်ပုံ (၂၀၀၉)
“ဇောစဉ်အစ လောဘက” ဟူသောစကား မှန်ပါသည်။ (၁၉၈၉ -၁ မှီးဖြေပါ။)

၂။ သူတပါးပစ္စည်းကို ခိုးယူလျှင် အပြစ်ရှိသည်ဟု သိသော်လည်း စားဝတ်နေရေး မပြေလည်၍ ဇနီးသည်၏ နားပူနားဆာပြုလုပ်မှုကြောင့် ရွှင်လန်းတက်ကြွမှုမရှိပဲ သူတပါးပစ္စည်းကို ခိုးယူသူသန္တာန်၌ဖြစ်သော အကုသိုလ်စိတ်ကို တိကျစွာ ဖော်ပြ၍၊ ဒေါမနဿနှင့် ပဋိဃတို့၏ အထူးကိုလည်း ဖြေဆိုခဲ့ပါ။
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ်။
ဒေါမနဿနှင့် ပဋိဃတို့၏အထူး (၂၀၀၃)

၃။ အရက်သောက်ခြင်းကို အပြစ်မရှိဟု ယူဆလျက် အရက်သောက်သူနှင့် အပြစ်ရှိမှန်းသိလျက် အရက်သောက်သူတို့တွင် အဘယ်ပုဂ္ဂိုလ်၌ အပြစ်ပိုကြီးသည်ကို သုံးသပ် ဆုံးဖြတ်ဖြေဆိုပြီးလျှင်၊ ကုသိုလ်နှင့် အကုသိုလ်တို့၏ ဆန့်ကျင်ဘက်ဖြစ်ပုံကိုလည်း ဋီကာကျော်အတိုင်း ဖြေဆိုခဲ့ပါ။
အရက်သောက်ခြင်း (၁၉၉၂ – ၁ ကိုမှီး၍ဖြေပါ။)
ကုသိုလ်နှင့် အကုသိုလ်တို့၏ ဆန့်ကျင်ဘက်ဖြစ်ပုံ (၂၀၀၈ – ၂)

၎။ ဗုဒ္ဓမြတ်စွယ်တော်ကို ရိုသေစွာပူဇော်ခြင်းသည် ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ကောင်းကျိုးရနိုင်သည်ကို ယုံကြည်လျက် ပျော်ရွှင်ကြည်နူးစွာ မိမိဆန္ဒအတိုင်း အကျင့်မြတ်ဖြင့် ပူဇော်နေသော ပုထုဇဉ်ပုဂ္ဂိုလ်၏သန္တာန်၌ဖြစ်သောစိတ်ကို တိကျစွာထုတ်ပြ၍၊ ဉာဏ်ကြီးသူဖြစ်ရန် လိုအပ်သောအကြောင်းတရားတို့ကိုလည်း ကာမာဝစရသောဘဏ စိတ်အဖွင့်ကိုရှု၍ ဖြေဆိုခဲ့ပါ။
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်။
ဉာဏ်ကြီးသူဖြစ်ရန် လိုအပ်သောအကြောင်းတရား (၁၉၉၆ – ၂)

၂၀၁၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “အဘိဓမ္မာ” ဟူသောဝေါဟာရ၏ အဓိပ္ပါယ်ကို ရေးသားဖြေဆို၍ အဘိဓမ္မာ-ပုဒ်၏ အရကိုလည်း ပြည့်စုံစွာ ကောက်ပြခဲ့ပါ။
“အဘိဓမ္မာ”ဟူသော ဝေါဟာရ၏အဓိပ္ပါယ်
ပညတ်မှ အသီးအခြားထုတ်ယူအပ်သော ပရမတ္တဖြစ်ခြင်းအားဖြင့် ထူးကုန်သော တရားတို့ကို ဟောအပ်ရာဖြစ်သောကြောင့် ဓမ္မသင်္ဂဏီစသော ၇-ကျမ်းတို့သည် အဘိဓမ္မာမည်ပါသည်။
အဘိဓမ္မာ-ပုဒ်၏အရ
ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္တု၊ ယမိုက်၊ ပဋ္ဌာန်းဟူသော ၇-ကျမ်းတို့ ဖြစ်ပါသည်။

၂။ လောက၌ စေတနာကောင်းသူ၊ သဒ္ဓါတရား ထက်သန်သူ-ဟု စေတသိက်တရားတို့ကို ရှေ့တန်းထား ပြောဆိုနေကြသော်လည်း “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” (နာမက္ခန္ဓာလေးပါးတို့သည် စိတ်သာရှေ့သွား ခေါင်းဆောင်ရှိကုန်၏)ဟု ဘုရားရှင်ဟောတော်မူပုံကို အကြောင်းပြ ရှင်းလင်းဖြေဆိုခဲ့ပါ။
လောက၌ စေတနာကောင်းသူ၊ သဒ္ဓါတရား ထက်သန်သူ-ဟု စေတသိက်တရားတို့ကို ရှေ့တန်းထား ပြောဆိုနေကြသော်လည်း “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” (နာမက္ခန္ဓာလေးပါးတို့သည် စိတ်သာရှေ့သွား ခေါင်းဆောင်ရှိကုန်၏)ဟု ဘုရားရှင်ဟောတော်မူပုံကို အကြောင်းမှာ-
စေတသိက်သည် စိတ်မရှိသော် အချင်းခပ်သိမ်း မဖြစ်နိုင်သောကြောင့် စိတ်နှင့်ကင်း၍ အာရုံယူခြင်းမှာ မစွမ်းနိုင်ပါ။ စိတ်ကာ ဝိတက်စသော အချို့သော စေတသိက်တို့နှင့် ကင်း၍လည်း အာရုံကို ယူနိုင်ပါသည်။ ဤသို့ စေတသိက်၏သာ စိတ်နှင့် စပ်သောဖြစ်ခြင်းရှိသောကြောင့် “မနောပုဗ္ဗင်္ဂမာ ဓမ္မာ”ဟု ဘုရားရှင်ဟောတော်မူရခြင်း ဖြစ်ပါသည်။

၃။ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကို ဝမ်းမြောက်စွာ ဖူးမြင်ရသည်ဖြစ်ပါလျက် ဘုရားဖူးသူတော်စင် သန္တာန်၌ဖြစ်သော “မြင်သိ”စိတ်၏ ဥပေက္ခာသာ ဖြစ်ရခြင်းအကြောင်းကို ဖြေဆို၍ မည်သို့နှလုံးသွင်းရှိသူ(အမြင်ရှိသူ) ကို “ဒိဋ္ဌိအမြင်ရှိသူ”ဟု ဆိုရပါသနည်း၊ ဋီကာကျော်လာအရ ဖြေဆိုခဲ့ပါ။
“မြင်သိ”စိတ်၏ ဥပေက္ခာသာဖြစ်ရခြင်း (၁၉၉၃-၂)
“ဒိဋ္ဌိအမြင်ရှိသူ”
မှားသောအားဖြင့် မြင်တတ်၊ နှလုံးသွင်းတတ်သောသူကို “ဒိဋ္ဌိအမြင်ရှိသူ”ဟု ဆိုပါသည်။ မှားသောအားဖြင့် မြင်တတ်၊ နှလုံးသွင်းတတ်ခြင်းဟူသည် ကာမဂုဏ်တို့၌ အပြစ်မရှိ၊ မကောင်းမှုပြုရာ၌ သံသရာအပြစ်မရှိ စသည်ဖြင့် လွဲမှားစွာသိခြင်းကို ဆိုလိုပါသည်။

၎။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဆဲကာလ တည်ငြိမ်အေးချမ်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လှူဒါန်းမှုအဖုံဖုံ အစုံစုံသောဒါန ပြုနေကြသည့် အလှူရှင်တို့သန္တာန်၌ ဝမ်းမြောက်ဝမ်းသာ ကုသိုလ်ဒါနပြုနိုင်ရခြင်းအကြောင်းများကို ရှင်းလင်းဖြေဆို၍၊ “မဂ်”မည်ပုံ အဓိပ္ပါယ်ကိုလည်း ဋီကာကျော်လာအရ (၃)မျိုး ဖြေပြခဲ့ပါ။
ဝမ်းမြောက်ဝမ်းသာ ကုသိုလ်ဒါန ပြုနိုင်ရခြင်းအကြောင်းများ (၁၉၈၉ – ၃)
“မဂ်”မည်ပုံ အဓိပ္ပါယ် (၃) မျိုး(၁၉၉၆ – ၄)

Leave a Reply

Your email address will not be published. Required fields are marked *