Cetasika

ပထမဆင့် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ မှန်ကင်းနှင့်တူသော စေတသိက်ကို ဖော်ပြ၍ လောက၌ လူသားတို့ ငြိမ်းချမ်းမှုနှင့် ကင်းဝေးနေရခြင်း၏ လက်သည်တရားခံမှာ ငြူစူမှု၊ ဝန်တိုမှုပင်ဖြစ်လေရာ ယင်းနှစ်မျိုး၏ ထူးခြားချက်ကို ရေးပြခဲ့ပါ။
မှန်ကင်းနှင့်တူသော စေတသိက်မှာ မာနဖြစ်ပါသည်။
ငြူစူမှု = ဣဿာနှင့် ဝန်တိုမှု = မစ္ဆရိယ စေတသိက်တို့၏ ထူးခြားချက်
ငြူစူမှု (ဣဿာ)
သူတပါးစည်းစိမ်ဥစ္စာ စသည်ကို ငြူစူခြင်း၊ မနာလိုခြင်းသဘော ဖြစ်၏။
ဣဿာသည် ဗဟိဒ္ဓကို အာရုံပြု၏။
ဝန်တိုမှု (မစ္ဆရိယ)
မိမိ စည်းစိမ်ဥစ္စာစသည်ကို လျှို့ဝှက်ခြင်း၊ ဝန်တိုခြင်းသဘော ဖြစ်၏။
မစ္ဆရိယသည် အဇ္ဈတ္တကို အာရုံပြု၏။
ဤသို့အားဖြင့် ဣဿာနှင့် မစ္ဆရိယတို့ ထူးခြားမှု ရှိပါသည်။

၂။ ယခု စာဖြေချိန်၌ စာဖြေသူသန္တာန်ဝယ် အဘိဓမ္မာစိတ်ဓာတ် ရစ်ပတ်လွှမ်းခြုံလျက် ရှိနေခြင်းကြောင့် စာဖြေသူ၏ နာမ်တရားများ ကြမ်းတမ်းမှုကင်းခြင်း၊ လေးလံမှုကင်းခြင်း၊ ပူပန်မှုကင်းခြင်း၊ အမှတ်အသားတို့ ဖြစ်ပေါ်လျှက်ရှိနေရာ ယင်းအမှတ်အသားနှင့်ပတ်သက်သော စေတသိက်အမည်တို့ကို ဆိုင်ရာလက္ခဏာနှင့် တွဲစပ်ဖြေဆိုခဲ့ပါ။
စာဖြေသူ၏ နာမ်တရားများ ကြမ်းတမ်းမှုကင်းခြင်း၊ လေးလံမှုကင်းခြင်း၊ ပူပန်မှုကင်းခြင်း အမှတ်အသားတို့နှင့် ပတ်သက်သော စေတသိက်အမည်များနှင့် လက္ခဏာတို့မှာ-

(၁) ကြမ်းတမ်းမှုကင်းခြင်း
စေတသိက်အမည် = ကာယမုဒုတာ ၊ စိတ္တမုဒုတာ
လက္ခဏာ = စေတသိက်တို့၏ ခက်ထန်ကြမ်းတမ်းသည်၏အဖြစ်ကိုငြိမ်းအေးစေခြင်း၊ စိတ်၏ ခက်ထန်ကြမ်းတမ်းသည်၏အဖြစ်ကို ငြိမ်းအေးစေခြင်း။

(၂) လေးလံမှုကင်းခြင်း
စေတသိက်အမည် = ကာယလဟုတာ ၊ စိတ္တလဟုတာ
လက္ခဏာ = စေတသိက်တို့၏ လေးလံထိုင်းမှိုင်းသည်၏အဖြစ်ကို ငြိမ်းစေခြင်း၊ စိတ်၏ လေးလံထိုင်းမှိုင်းသည်၏အဖြစ်ကို ငြိမ်းစေခြင်း။

(၃)ပူပန်မှုကင်းခြင်း
စေတသိက်အမည် = ကာယပဿဒ္ဓိ ၊ စိတ္တပဿဒ္ဓိ
လက္ခဏာ = စေတသိက်တို့၏ ပူပန်ခြင်းကို ငြိမ်းအေးစေခြင်း၊ စိတ်၏ ပူပန်ခြင်းကို ငြိမ်းအေးစေခြင်း။

၃။ ဒုစရိုက် ၇-ပါးမှာ ရှောင်ကြဉ်ခြင်းတူပါလျှက် သမ္မာဝါစာ၊ သမ္မာကမ္မန္တဟူ၍ လည်းကောင်း၊ သမ္မာအာဇီဝ ဟူ၍လည်းကောင်း အုပ်စုကွဲပြားရခြင်းအကြောင်းကို ရှင်းလင်းတင်ပြ၍၊ စာဖြေသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အတွက် ဒုစရိုက်ကိုရှောင်ကြဉ်သင့်သည်ဖြစ်ရာ ပြုပြီး၊ ပြုဆဲ၊ ပြုလတ္တံ့သော ဒုစရိုက်တို့တွင် အဘယ်ကို အာရုံပြု၍ ရှောင်ကြဉ်သင့်ပါသနည်း၊ ဖြေဆိုပါ။
ဒုစရိုက် ၇- ပါးမှ ရှောင်ကြဉ်ခြင်းတူပါလျှက် သမ္မာဝါစာ၊ သမ္မာကမ္ပန္တ နှင့် သမ္မာအာဇီဝဟူ၍ ကွဲပြားရခြင်းအကြောင်း
အသက်မွေးဝမ်းကျောင်းခြင်းလျှင် အကြောင်းမရှိသော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်တတ်သော သဘောသည် သမ္မာဝါစာမည်၏။
အသက်မွေးဝမ်းကျောင်းခြင်းလျှင် အကြောင်းမရှိသော ဝစီဒုစရိုက် ၄-ပါးနှင့် ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်တတ်သောသဘောသည် သမ္မာအာဇီဝ မည်၏။
ဤသို့ ဒုစရိုက်မှ ရှောင်ကြဉ်တတ်သော သဘောချင်းတူပါလျက် အသက်မွေးဝမ်းကျောင်းမှုကို ငဲ့မှု၊ မငဲ့မှုပေါ် မူတည်၍ အသက်မွေးဝမ်းကြောင်းခြင်းလျှင် အကြောင်းမရှိသော ဒုစရိုက်မှ ရှောင်ကြဉ်မှုမျိုးကို သမ္မာဝါစာ၊ သမ္မာကမ္မန္တ ဟူ၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလျှင် အကြောင်းရှိသော ဒုစရိုက်မှ ရှောင်ကြဉ်မှုမျိုးကို သမ္မာအာဇီဝ ဟူ၍လည်းကောင်း ကွဲပြားသွားရခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အတွက် ဒုစရိုက်ကို ရှောင်ကြဉ်ရာ၌ အတိတ်ဖြစ်သော ပြုပြီးဖြစ်သော ဒုစရိုက်တို့မှ မရှောင်ကြဉ်နိုင်ပါ။ ပြုဆဲ ပစ္စပ္ပန်နှင့် ပြုလတ္တံ့သော အနာဂတ် ဒုစရိုက်တို့ကိုသာ ရှောင်ကြဉ်နိုင်ပါသည်။

၁၉၉၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “ကိုယ့်စေတနာ ကိုယ့်ကိုအကျိုးပေးမှာ”ဟု ရှေးပညာရှင်များ မိန့်ကြားခဲ့ရာ သင့်သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝေဒနာ၏ မူလသဘာဝအမှန်ကို ဖြေဆို၍၊ အရှက်အကြောက်သည် လူနှင့်တိရိစ္ဆာန်တို့ကို ခွဲခြားပေးသည့် တံတိုင်းသဖွယ်ဖြစ်၍ ကောင်းသည့်လုပ်ငန်းတို့ကို ပြုလုပ်ပြောဆိုရမှာ ရှက်ကြောက်မှုသည် ဟိရီနှင့် သြတ္တပ္ပ ဟုတ်၊ မဟုတ် သုံးသပ်ပြပါ။
စေတနာ၏ သဘာဝအမှန်
မိမိနှင့်အတူတကွ ယှဉ်ဘက်တရားတို့ကို အာရုံ၌ စေ့ဆော်တတ်သောကြောင့် (တစ်နည်း) သင်္ခတတရားတို့ကို ပြုစီမံခြင်း၌ လုံ့လဗျာပါရသို့ ရောက်တတ်သောကြောင့် စေတနာမည်၏။
စေတနာ စေ့ဆော်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း လက္ခဏာရှိ၏။
ဥပမာများ (၁) စစ်မြေပြင်မှ စစ်ဗိုလ်ချုပ်ကြီး၊ ကျောင်းသားခေါင်းဆောင်၊ လယ်ပိုင်ရှင်ကဲ့သို့ နှိုးဆော်တတ်သောသဘော ရှိ၏။
(၂) လက်သမားကြီး တပည့်ကြီးကဲ့သို့ မိမိကိစ္စ၊ သူတပါးကိစ္စကို ပြီးစေတတ်သော သဘောရှိ၏။
ကောင်းသည့်လုပ်ငန်းတို့ကို ပြုလုပ်ပြောဆိုရမှာ ရှက်ကြောက်မှုသည် ဟိရီနှင့် သြတ္တပ္ပ မဟုတ်ပါ။
ဟိရီဆိုသည်မှာ – မကောင်းမှု ဒုစရိုက်မှ ရှက်တတ်၊ စက်ဆုပ်တတ်သောသဘော
သြတ္တပ္ပဆိုသည်မှာ – မကောင်းမှု ဒုစရိုက်မှ ကြောက်ရွံ့၊ထိတ်လန့်တတ်သောသဘော ဖြစ်၏။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကောင်းသည့်လုပ်ငန်းတို့ကို ပြုလုပ်ပြောဆိုရာတွင် ရှက်မှုနှင့် ကြောက်မှုတို့သည် ဟိရီနှင့် သြတ္တပ္ပ မဟုတ်ပါ။
ကောင်းသည့်လုပ်ငန်းကို ပြုလုပ်ရန် ရှက်မှုသည် ဟိရီအတု (တစ်နည်း) မာယာခေါ် တဏှာပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ပါသည်။

၂။ လောက၌ “သညာ၊ ဝိညာဏ်၊ ပညာ”ဟု သိတတ်သော သဘာဝသုံးမျိုးရှိရာ ယင်းတို့၏ သိပုံသဘာဝချင်း တူ၊ မတူကို စိစစ်ပြပါ။
“သညာ၊ ဝိညာဏ်၊ ပညာ”ဟု သိတတ်သော သဘာဝသုံးမျိုးရှိရာ ယင်းတို့၏ သိပုံသဘာဝချင်း တူမတူကို စိစစ်ပြရသော်-
ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဖြစ်ပေါ်လာသော “သညာ၊ ဝိညာဏ်၊ ပညာ” တို့၏အထူး
သညာသိ

သညာသည် အညို၊ အရွှေ စသည်တို့၏အစွမ်းဖြင့် အမှတ်ပြု၍ သိခြင်းကိုမျှ ပြုနိုင်၏။
အနစ္စ စသောသဘောလက္ခဏာကို ထိုးထွင်း၍ သိခြင်းကို မပြုနိုင်ချေ။
ဥပမာ- ကလေးငယ်သည် ရွှေကိုမြင်သောအခါ အညို၊ အရွှေ စသောအဆင်းကိုသာ သိ၏။ ရွှေဟူ၍ မသိသကဲ့သို့တည်း။

ဝိညာဏ်သိ
ဝိညာဏ်သည် အညို၊ အရွှေ စသည်တို့၏အစွမ်းဖြင့် အမှတ်ပြု၍ သိခြင်းကိုလည်း ပြုနိုင်၏။
အနိစ္စစသော သဘောလက္ခဏာကို ထိုးထွင်း၍ သိနိုင်၏။
သို့သော်လည်း လုံလဝီရိယပြု၍ အရိယမဂ်သို့ ရောက်စေခြင်းငှာ မစွမ်းနိုင်။
ဥပမာ- မိဘသည် အညို၊ အရွှေ စသောအဆင်းကိုလည်း သိ၏။ ရွှေကိုလည်း သိ၏။ သို့သော် အစစ်၊ အတု၊ မည်သည့်ဆရာက ပြုလုပ်ထားသည်၊ မည်မျှ တန်ဖိုးရှိသည်တို့ကိုကား မသိသကဲ့သို့တည်း။

ပညာသိ
ပညာသည် အညို၊ အရွှေ စသည်တို့၏အစွမ်းဖြင့် အမှတ်ပြု၍
သိခြင်းကိုလည်း ပြုနိုင်၏။
အနိစ္စ စသောသဘောလက္ခဏာကို ထိုးထွင်း၍ သိနိုင်၏။
လုံ့လဝီရိယပြု၍ အရိယမဂ်သို့ ရောက်စေခြင်းကိုလည်း ပြုနိုင်၏။
ဥပမာ- ရွှေပန်းတိမ်သည်သည် အညို၊ အရွှေ စသော အဆင်းကိုလည်း သိ၏။ ရွှေကိုလည်း သိ၏။ အစစ်၊ အတု၊ မည်သည့်ဆရာက ပြုလုပ်ထားသည်၊ မည်မျှတန်ဖိုးရှိသည် စသည်ဖြင့် အားလုံးကို သိသကဲ့သို့တည်း။

၃။ မာနကြီးမှုကို အကြောင်းပြု၍ ဒေါသဖြစ်တတ်ရာ မာနသည် ဒေါသမူစိတ်၌ ဖြစ်-မဖြစ် စိစစ်ပြ၍၊ သနားမှုနှင့် ဝမ်းသာမှုတို့သည် အဘယ့်ကြောင့် လောကုတ္တရာ(စိတ်) နယ်ပယ်၌ မဖြစ်နိုင်ပါသနည်း၊ ရှင်းပြပါ။
မာနကြီးမှုကို အကြောင်းပြု၍ ဒေါသဖြစ်တတ်သော်လည်း မာနသည် ဒေါသစိတ်၌ မဖြစ်ပါ။
မာနဟူသည် ခန္ဓာ ၅-ပါးပေါ်၌ ငါစွဲ စွဲပြီးလျှင် “ငါ မြတ်၏၊ ငါ တတ်၏” စသဖြင့် ထောင်လွှားတက်ကြွမှု သဘော ဖြစ်ပါသည်။ ဤသို့ မာနသည် မိမိကိုယ်ကို ချစ်ခြင်းလျှင် နီးစွာသော အကြောင်းရှိသောကြောင့် လောဘမူစိတ်၌သာ ယှဉ်နိုင်ပြီး ဒေါသမူစိတ်၌ မယှဉ်နိုင်၊ မဖြစ်နိုင်ပါ။
သနားမှုနှင့် ဝမ်းသာမှုတို့သည် လောကုတ္တရာ(စိတ်)နယ်ပယ်၌ မဖြစ်နိုင်ခြင်းအကြောင်း
သနားမှု = ကရုဏာစေတသိက်သည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားမှုသဘော
ဝမ်းသာမှု = မုဒိတာစေတသိက်သည် သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှုသဘော
ထို့ကြောင့် သနားမှုနှင့် ဝမ်းမြောက်မှုတို့၏အာရုံသည် သတ္တဝါပညတ်အာရုံ ဖြစ်၏။ လောကုတ္တရာစိတ်၏ အာရုံသည် နိဗ္ဗာန်ဖြစ်၏။
ဤသို့ အာရုံခြင်းမတူ ကွဲပြားသောကြောင့် သနားမှုနှင့် ဝမ်းသာမှုတို့သည် လောကုတ္တရာ(စိတ်)နယ်ပယ်၌ မဖြစ်နိုင်ခြင်းဖြစ်ပါသည်။

၁၉၉၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ အိပ်ချင်မှုကို ထိန၊ မိဒ္ဓဟုဆိုလျှင် ထိန၊ မိဒ္ဓ ကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်များ အဘယ့်ကြောင့် အိပ်ကြပါသနည်း၊ ယင်း ထိန နှင့် မိဒ္ဓတို့၏ သဘောသဘာဝချင်း ခြားနားချက်ကိုလည်း ဖော်ပြပါ။
ထိန၊ မိဒ္ဓကင်းပြီးသော ရဟန္တာတို့၏အိပ်ခြင်းသည် ခန္ဓာကိုယ် ပင်ပန်းညှိုးနွမ်းခြင်းကြောင့် ဖြစ်ပါသည်။
သစ်ရွက်များ ညနေအခါ ညှိုးနွမ်းသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ခန္ဓာကိုယ် ပင်ပန်းညှိုးနွမ်း အားနည်းလာသောအခါ ထိုထိုအာရုံမှ ဆုတ်နစ်ပြီးလျှင် ဘဝင်အစဉ်(ဝိပါက်အစဉ်)သာဖြစ်၍ အိပ်ခြင်းကို ရောက်ရှိတော့သည်။

ထိန နှင့် မိဒ္ဓ ခြားနားချက်
ထိန
စုခဲနေသော ထောပတ်အစိုင်အခဲကဲ့သို့ ထိုထိုအာရုံကို မပြန့်ဘဲ စုခဲနေကာ-
(၁) စိတ်တို့၏အမှု၌ မခံ့ခြင်း(ခံနိုင်စွမ်းမရှိခြင်း) သဘော၊
(၂) အားထုတ်ခြင်းကင်း၍ တွန့်တိုဆုတ်နစ်သည်၏ အစွမ်းဖြင့် ပျင်းရိတတ်သော သဘော၊
(၃) စိတ်တို့၏ ထိုင်းခြင်းသဘော

မိဒ္ဓ
ကောင်းကင်ကိုပိတ်ကာ ဖုံးအုပ်ထားသော မိုးတိမ်ကဲ့သို့ ထိုထိုအာရုံ၌ ကြည်လင်မှုမရှိပဲ
(၁) စေတသိက်တို့၏ အမှု၌ မခံ့ခြင်း (အစွမ်းသတ္တိကင်းခြင်း) သဘော၊
(၂) ယှဉ်ဘက်သမ္ပယုတ်တရားတို့၏ အစွမ်းသတ္တိ မရှိခြင်းကြောင့် ပင်ပန်းခြင်း၊ နွမ်းနယ်ခြင်းသဘော၊
(၃) စေတသိက်တို့၏ မှိုင်းခြင်းသဘော
ဤသို့အားဖြင့် ထိန နှင့် မိဒ္ဓတို့ ခြားနားပါသည်။

၂။ စိတ်ဓာတ်ကျသည်ဟုဆိုရာဝယ် စိတ်ဓာတ်ကျမှု၏ အဓိကအကြောင်းတရားကို သဘော၊ လက္ခဏာ၊ ယှဉ်ဘက်စိတ်တို့နှင့် တွဲဖက်ဖော်ပြပါ။
စိတ်ဓာတ်ကျမှု၏ အဓိကအကြောင်းတရားမှာ ထိနစေတသိက် ဖြစ်ပါသည်။
ထိနစေတသိက်၏
(က) သဘော = စိတ်၏အမှု၌ မခံ့ခြင်းသဘော၊ အားထုတ်ခြင်းကင်းသည်ဖြစ်၍ တွန့်တိုဆုတ်နစ်သည်အစွမ်းဖြင့် ပျင်းရိသည်အဖြစ်သည် ထိနမည်၏။
(ခ) လက္ခဏာ = စိတ်၏အမှု၌ မခံ့ခြင်းလက္ခဏာရှိ၏။
(ဂ) ယှဉ်ဘက်စိတ် = လောဘမူ သ သင်္ခါရိကစိတ် ၄-ပါး၊ ဒေါသမူ သ သင်္ခါရိကစိတ် ၁- ပါး၊ ပေါင်း အကုသိုလ် သ သင်္ခါရိကစိတ် ၅- ပါးတို့၌ ယှဉ်နိုင်၏။

၃။ စာဖြေသူသည် မေးခွန်းစာရွက်ကို ကြည့်နေခိုက်ဝယ် အဖြေမှန်ကို ကြံစည်စဉ်းစားနိုင်ခြင်း ရှိ- မရှိ အဘိဓမ္မာအမြင်ဖြင့် အကြောင်းပြချက်ပေး၍ ဖြေရှင်းပြပါ။
စာဖြေသူသည် မေးခွန်းစာရွက်ကို ကြည့်နေခိုက်ဝယ် အဖြေမှန်ကို ကြံစည်စဉ်းစားနိုင်ခြင်း မရှိပါ။
အဘိဓမ္မာသဘောအရ မေးခွန်းစာရွက်ကို ကြည့်နေခိုက်ဝယ် ဖြစ်ပေါ်နေသောစိတ်မှာ စက္ခုဝိညာဏ်စိတ်ဖြစ်၏။ ၎င်းစက္ခုဝိညာဏ်စိတ်တွင် ယှဉ်သောစေတသိက်တို့မှာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးသာ ဖြစ်၏။
အဖြေမှန်ကို ကြံစည်ခြင်း = ဝိတက်စေတသိက်နှင့် စဉ်းစားနိုင်ခြင်း = ဝိစာရ စေတသိက်တို့ မယှဉ်သဖြင့် စက္ခုဝိညာဏ်စိတ်ဖြစ်ခိုက် (တစ်နည်း) မေးခွန်းစာရွက်ကို ကြည့်နေခိုက်ဝယ် အဖြေမှန်ကို ကြံစည်စဉ်းစားနိုင်ခြင်း မရှိပါ။

၁၉၉၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ္တဓမ္မတို့တွင် သိခြင်းသဘောရှိသော တရားသုံးပါး (အသိသုံးမျိုး)ကို ဖော်ပြ၍ ယင်းတို့၏ သိမှုအဆင့်အတန်း ကွားခြားပုံကိုလည်း ဥပမာသွင်း၍ ရှင်းပြပါ။
(၁၉၉၀၊ နံပါတ်-၂)

၂။ “ငါ့ကိုယ် ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာာ” ဟု ဆိုကြရာ သက္ကာယဒိဋ္ဌိ စွဲလမ်းနေသူ၌ မာနဖြစ်၊ မဖြစ် ဥပမာဆောင်၍ ထင်ရှားအောင် ဖြေဆိုပါ။
သက္ကာယဒိဋ္ဌိ စွဲလမ်းနေသူ၌ မာန မဖြစ်နိုင်ပါ။ အကြောင်းပြရသော် –
သက္ကာယဒိဋ္ဌိဟူသည် – ခန္ဓာ ၅- ပါးကို ငါ(အတ္တ) ဟုစွဲ၍ “ငါရှိ၏၊ ငါမြဲ၏”ဟု အမြင်မှား၊ အယူမှားသောအားဖြင့် ဖြစ်၏။
မာနဟူသည် – ခန္ဓာ ၅- ပါးအပေါ် ငါစွဲ စွဲပြီးလျှင် ငါဟူသော မာန်မာနဖြင့် “ငါမြတ်၏၊ ငါဂုဏ်ရှိ၏”ဟု ထောင်လွှားသောအားဖြင့် ဖြစ်၏။
ဤသို့ ဒိဋ္ဌိနှင့်မာနတို့သည် ခန္ဓာ ၅- ပါးအပေါ် စွဲလမ်းမှုချင်းတူသော်လည်း နှလုံးသွင်းပုံ၊ သုံးသပ်ပုံခြင်း မတူသောကြောင့် လောဘမူစိတ္တပ္ပါဒ် တစ်ခုတည်း၌ အတူယှဉ်တွဲ၍ မဖြစ်နိုင်ပါ။
ဥပမာအားဖြင့် – ကေသရာဇာ ခြင်္သေ့တစ်ကောင်သည် သူနှင့်အလားတူ အခြား ကေသရာဇာ ခြင်္သေ့မင်းတစ်ကောင်နှင့် အတူတကွ တစ်ဂူတည်း၌ မအောင်းသကဲ့သို့တည်း။

၃။ ကရုဏာနှင့် မုဒိတာတို့သည် မိမိနှင့်သဘာဝတူရာ သောမနဿဝေဒနာနှင့်သာ ယှဉ်သင့်သည် မဟုတ်ပါလော၊ အဘယ်သို့လျှင် ဥပေက္ခာဝေဒနာနှင့်လည်း ယှဉ်နိုင်ပါသနည်း၊ ဥပမာအစုံခင်း၍ ရှင်းပြပါ။
ကရုဏာနှင့် မုဒိတာတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နိုင်ပုံ
ကရုဏာနှင့် မုဒိတာဟူသော အပ္ပမညာစေတသိက်တို့သည် မိမိတို့နှင့် သဘာဝတူရာ သေမနဿဝေဒနာနှင့်သာမက ဥပေက္ခာဝေဒနာနှင့်လည်း ယှဉ်နိုင်ပါသည်။ ထို့ကြောင့် မဟာကုသိုလ်၊ မဟာကြိယာ ဥပေက္ခာသဟဂုတ်စိတ် ၈ – ပါး၌ပါ ယှဉ်နိုင်ခြင်းဖြစ်၏။ ထိုသို့ ယှဉ်နိုင်ခြင်းကို ရှင်းပြရသော်-
ကရုဏာ၊ မုဒိတာ ကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများသောအခါ အပ္ပနာ(ဈာန)ဝီထိမှ ရှေ့အဖို့၌ အလေ့အကျက်၏ အစွမ်းဖြင့် ဥပေက္ခာသဟဂုတ်စိတ်တို့ဖြင့်လည်း ပရိကမ္မဘာဝနာ ဖြစ်နိုင်လေသည်။
ဥပမာ (၁) အဝါးဝစွာ လေ့လာအပ်ပြီးသော ကျမ်းစာကို ရွတ်အံ့သရဇ္ဈယ်နိုင်သကဲ့သို့လည်းကောင်း၊
(၂) အဝါးဝစွာ လေ့လာအပ်ပြီးသော ဝိပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို သုံးသပ်အပ်သောပုဂ္ဂိုလ်သည် တစ်ခါတစ်ရံ အလေ့အကျက်၏ အစွမ်းဖြင့် ဉာဏဝိပ္ပယုတ်စိတ်တို့ဖြင့်လည်း သုံးသပ်နိုင်သကဲ့သို့လည်းကောင်း ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ စေတသိက်လက္ခဏာ ၄-ပါးတွင် အဘယ်အကျိုးငှာ “ဧကာလမ္ဗဏ” ဟူသော လက္ခဏာကိုပါ ဆိုပါသနည်း၊ ဖြေဆို၍ ဝေဒနာနှင့် စေတနာတို့၏ သဘောလက္ခဏာကိုလည်း ရေးခဲ့ပါ။
စေတသိက်လက္ခဏာ ၄-ပါးဖြစ်သော-
(၁) ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း၊
(၂) ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း၊
(၃) ဧကာလမ္ဗဏ = စိတ်နှင့်အာရုံတူခြင်း၊
(၄) ဧကဝတ္တုက = စိတ်နှင့်မှီရာတူခြင်း တို့တွင်
ဧကုပ္ပါဒနှင့် ဧကနိရောဓ ၂-ပါးကို ဆိုပြီးဖြစ်ပါလျက် “ဧကာလမ္ဗဏ”လက္ခဏာကို ဆိုရခြင်းအကြောင်းမှာ-
စိတ်နှင့်အတူဖြစ်ခြင်း၊ စိတ်နှင့်အတူချုပ်ခြင်း ဤလက္ခဏာ ၂- ပါးကိုသာ စေတသိက်ဟု ခေါ်ဆိုရလျှင်-
(က) စိတ်သို့ အစဉ်လိုက်၍ဖြစ်သော ဝိညတ်ရုပ် ၂-ပါးဟူသော စိတ္တဇရုပ်တရား၊
(ခ) ရှေးရှေးစိတ်၏ ဥပါဒ်ခဏ၌ဖြစ်၍ ၁၇-ချက်မြောက် နောက်နောက်စိတ်၏ ဘင်ခဏမှာ ချုပ်ကုန်သော ကမ္မဇရုပ်တရားတို့သည် စိတ်နှင့်အတူဖြစ်မှု၊ ချုပ်မှုရှိ၍ စေတသိက်ဟု ခေါ်ဆိုနိုင်ခြင်းကြောင့် စိတ်နှင့်အာရုံတူခြင်း (ဧကာလမ္ဗဏ)လက္ခဏာကိုပါ ထည့်ဆိုရခြင်း ဖြစ်ပါသည်။
ဝေဒနာနှင့် စေတနာတို့၏ သဘောလက္ခဏာ
ဝေဒနာ
(၁) အာရုံ၏ အရသာကို ခံစားတတ်သော သဘော၊
(၂) အာရုံ၏ အရသာကို ခံစားခြင်းလက္ခဏာရှိ၏။
ဥပမာ – ကောင်းသောဘောဇဉ်၏ အရသာကို ခံစားတတ်သော ပြည့်ရှင်မင်းကဲ့သို့

စေတနာ
(၁) မိမိနှင့်အတူတကွ ယှဉ်ဘက်တရားတို့ကို အာရုံ၌ စေ့ဆော်တတ်သောသဘော၊
(တစ်နည်း) သင်္ခတတရားတို့ကို ပြုစီမံခြင်း၌ လုံ့လဗျာပါရသို့ ရောက်စေတတ်သောသဘော၊
(၂) စေ့ဆော်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း လက္ခဏာရှိ၏။
ဥပမာ (၁) စစ်မြေပြင်မှ စစ်ဗိုလ်ချုပ်ကြီးကဲ့သို့ မိမိနှင့်ယှဉ်ဘက်တရားများကို အာရုံ၌ စေ့ဆော်စပ်ဟပ်၊ တိုက်တွန်း၊ နှိုးဆော်တတ်သော သဘောရှိ၏။
(၂) လက်သမားကြီးကဲ့သို့ မိမိကိစ္စ၊ သူတပါးကိစ္စကို ပြီးစေတတ်သော သဘောရှိ၏။

၂။ လှူဒါန်းလို၍ ထီပေါက်ချင်မှုသည် ဆန္ဒလော၊ လောဘလော၊ ဥပမာပြ ဖြေဆို၍၊ ဣဿာနှင့် မစ္ဆရိယတို့၏ ခြားနားပုံကိုလည်း ပေါ်လွင်အောင်ရှင်းပြပါ။
လှူဒါန်းလို၍ ထီပေါက်ချင်မှုသည် ဆန္ဒသာ ဖြစ်ပါသည်။ လောဘမဟုတ်ပါ။
ဆန္ဒဟူသည် – အာရုံကို အလိုရှိကာမျှ (ပြုလိုကာမျှ) သဘော ဖြစ်ပါသည်။
လောဘဟူသည် – အာရုံ၌ အလွန်ကပ်ငြိတပ်မက်ခြင်းသဘော ဖြစ်ပါသည်။
ဥပမာအားဖြင့် ဆန္ဒသည် ပစ်အပ်သောမြားကို ကောက်ယူလိုသော လေးသမားနှင့်တူပြီး၊ လောဘသည် မျောက်နှဲစေးက မျောက်ကို ဖမ်းစားကပ်ငြိစေသည်နှင့် တူပါသည်။
ဤဥပမာအရ လေးသမားသည် မြားကို ကောက်ယူခြင်းမှာ ပစ်ရန်အတွက်ဖြစ်ပြီး ဆန္ဒသဘောသာ ဖြစ်သကဲ့သို့ ထီပေါက်ချင်မှုသည် လှူဒါန်းလို၍ ဖြစ်သဖြင့် ဆန္ဒသဘောသာ ဖြစ်ပါသည်။
ဣဿာနှင့် မစ္ဆရိယတို့ ခြားနားမှု

ဣဿာ
(၁) သူတပါး စည်းစိမ်ဥစ္စာ စသည်ကို ငြူစူမနာလိုခြင်းသဘော ဖြစ်၏။
ဥပမာ – မြဂူကို မနာလိုသောတောဝက်ကဲ့သို့
(၂) ဣဿာသည် ဗဟိဒ္ဓကို အာရုံပြု၏။

မစ္ဆရိယ
(၁) မိမိစည်းစိမ်၊ ဥစ္စာ စသည်ကို လျှို့ဝှက်ခြင်း၊ ဝန်တိုခြင်းသဘော ဖြစ်၏။
ဥပမာ – တောင်းရမ်းသူကိုမြင်လျှင် စိတ်ရောကိုယ်ပါ တွန့်သွားစေသကဲ့သို့
(၂) မစ္ဆရိယသည် အဇ္ဈတ္တကို အာရုံပြု၏။
ဤသို့ ဣဿာနှင့် မစ္ဆရိယတို့ ခြားနားကြပါသည်။

  • ၃။ မာန၏ “ကဒါစိ”ဖြစ်ပုံနှင့် အပ္ပမညာတို့၏ “နာနာ”ဖြစ်ပုံကို အသီးသီးဖြေဆို၍၊ မဟာဝိပါက်စိတ်တို့၌ အပ္ပမညာ မယှဉ်ခြင်း အကြောင်းကိုလည်း ဖော်ပြပါ။
    မာနစေတသိက်၏ “ကဒါစိ”ဖြစ်ပုံ
    မာနစေတသိက်သည် လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး ယှဉ်ရာဝယ် “ငါသာမြတ်၏၊ ငါသာ ဂုဏ်ရှိ၏” အစရှိသော ထောင်လွှားမှုဖြင့် ဖြစ်သောအခါ၌သာ ရံခါ (ကဒါစိ) ယှဉ်ပါသည်။ ထောင်လွှားမှု မဖြစ်သောအခါ မယှဉ်ပါ။
    အပ္ပမညာစေတသိက်တို့ “နာနာ”ဖြစ်ပုံ
    ကရုဏာ၊ မုဒိတာဟူသော အပ္ပမညာစေတသိက်တို့သည် မဟာကုသိုလ် မဟာကြိယာ ၁၆-ပါး၊ မဟဂ္ဂုတ် ပထမဈာန်မှ စတုတ္ထဈာန်ထိ ၁၂-ပါး၊ ပေါင်း ၂၈- ပါးသော စိတ်တို့နှင့်ယှဉ်ရာဝယ်-
    (က) ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားသောအခါ ကရုဏာသာဖြစ်၍ မုဒိတာမဖြစ်။
    (ခ) သုခိတာသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်သောအခါ မုဒိတာဖြစ်၍ ကရုဏာမဖြစ်။
    ဤသို့ ကရုဏာနှင့် မုဒိတာတို့သည် သတ္တဝါပညတ်ကို အာရုံပြုပုံ၊ ဖြစ်ပုံချင်းမတူညီ ကွဲပြားသောကြောင့် အတူတကွ တပေါင်းတည်း မယှဉ်နိုင်ကြပဲ အသီးသီး၊ တစ်ပါးစီ တစ်ပါးစီ(နာနာ) သာ ယှဉ်ကြပါသည်။
    မဟာဝိပါတ်စိတ်တို့၌ အပ္ပမညာ မယှဉ်ခြင်းအကြောင်း
    အပ္ပမညာစေတသိတ်တို့သည် သတ္တဝါပညတ်ကို အာရုံပြု၏။ မဟာဝိပါက်စိတ်တို့သည် ကာမအာရုံကိုသာ ဧကန်အာရုံပြု၏။ ဤသို့ အာရုံခြင်းကွဲပြားသဖြင့် မဟာဝိပါတ်စိတ်တို့၌ အပ္ပမညာစေတသိက်တို့ မယှဉ်နိုင်ပါ။

  • ၁၉၉၄-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ သစ်ပင်ထိပ်ဖျားတက်နေသူ၏ ခြေတုန်လက်တုန်ဖြစ်နေခြင်းနှင့် ၎င်းကို မြင်ရသူများ အသည်းတုန် အူတုန်ဖြစ်နေခြင်းတို့သည် မည်သည့်စေတသိက်တို့၏ သဘောလက္ခဏာဖြစ်ကြောင်း ဖြေဆို၍၊ ကျောက်တိုင်၊ ရွာဝက်၊ ပတ္တမြားတို့နှင့် တူသောစေတသိက်တို့ကိုလည်း အသီးသီးယှဉ်တွဲဖော်ပြပါ။
    သစ်ပင်ထိပ်ဖျားတက်နေသူ၏ ခြေတုန်ဒူးတုန်ဖြစ်နေခြင်းသည် ဝေဒနာစေတသိက်၏ သဘောလက္ခဏာဖြစ်ပါသည်။
    ၎င်းကို မြင်ရသူများသည် အသည်းတုန်အူတုန်ဖြစ်နေခြင်းသည် ဖဿစေတသိက်၏ သဘောလက္ခဏာ ဖြစ်ပါသည်။
    ကျောက်တိုင်နှင့်တူသော စေတသိက် = အဓိမောက္ခ
    ရွာဝက်နှင့်တူသော စေတသိက် = အဟိရိက
    ပတ္တမြားနှင့်တူသော စေတသိက် = သဒ္ဓါ တို့ ဖြစ်ကြပါသည်။

    ၂။ မိမိပစ္စည်းကို သူတပါးအား ပေးကမ်းရမှာ နှမြောနေသူ၏ လောဘ၊ ဒေါသ၊ မောဟ တရားသုံးပါးတို့တွင် အဘယ်တရားက အဓိက လွှမ်းမိုးထားပါသနည်း။ အကြောင်းပြ ဖြေဆိုပါ။
    မိမိပစ္စည်းကို သူတပါးအား ပေးကမ်းရမှာ နှမြောနေသူ၌ ဒေါသတရားက အဓိက လွှမ်းမိုးထားပါသည်။ အကြောင်းပြဖြေဆိုရသော်-
    မိမိပစ္စည်းကို သူတပါးအား ပေးကမ်းရမှာ နှမြောခြင်းဆိုသည်မှာ – မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း (နှမြောဝန်တိုခြင်း) လက္ခဏာရှိသော မစ္ဆရိယစေတသိက်၏ သဘောတည်း။ ဤမစ္ဆရိယသဘောသည် လောဘကို အရင်းခံ၍ဖြစ်သော်လည်း မစ္ဆရိယဖြစ်ခိုက်မှာ မိမိစည်းစိမ်ကို သူတပါးတို့နှင့် ဆက်ဆံမည်ကို မလိုလားခြင်း၊ သည်းမခံနိုင်ခြင်းဟူသော ဒေါသသာ ရှိတော့၏။ ထို့ကြောင့် ဒေါသတရားကသာ အဓိက လွမ်းမိုးထားပါသည်။

    ၃။ စိတ်ချင်းထူးအောင်ပြုသော စေတသိက်များအနက် ဉာဏ်(ပညာ)က ထူးအောင်ပြုပုံကို အများနားလည်အောင် ဖြေဆိုပါ။
    စိတ်ချင်းထူးအောင်ပြုသော ဝိသေသက စေတသိက်များအနက် ဉာဏ်(ပညာ)က ထူးအောင်ပြုပုံမှာ-
    ဉာဏ်သည် ကာမသောဘဏစိတ်အချင်းချင်း ထူးအောင်ပြုပါသည်။ ဉာဏ်သည် ကာမသောဘဏစိတ် ၂၄- ပါးအနက် ပထမဒွေး၊ တတိယဒွေးတို့၌သာ ယှဉ်၍ ကာမသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂- ပါးဖြစ်စေပြီး ဒုတိယဒွေး၊ စတုတ္ထဒွေးတို့၌မယှဉ်၍ ကာမသောဘဏ ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါးကို ဖြစ်စေပါသည်။
    ဤသို့ ဉာဏသမ္ပယုတ်စိတ်တို့မှ ဉာဏဝိပ္ပယုတ်စိတ်တို့ကို အထူးပြုပါသည်။

    ၁၉၉၅-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ အပ္ပညာလေးပါးရှိပါလျက် စေတသိက်ပိုင်း၌ နှစ်ပါးသာ ပြဆိုခြင်းအကြောင်းကို ဖြေဆို၍၊ မေတ္တာနှင့် ဥပေက္ခာတို့၏ အဓိပ္ပါယ်ကိုလည်း ဖော်ပြပါ။
    အပ္ပမညာလေးပါးရှိပါလျက် စေတသိက်ပိုင်း၌ နှစ်ပါးသာ ပြဆိုခြင်းအကြောင်း
    မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူ၍ အပ္ပမညာ ၄- ပါးရှိသော်လည်း စေတသိက်ပိုင်း၌ ကရုဏာနှင့် မုဒိတာနှစ်ပါးကိုသာ အပ္ပမညာစေတသိက်အဖြစ် ပြဆိုပါသည်။ မေတ္တာနှင့် ဥပေက္ခာတို့ကို စေတသိက်အပိုင်း၌ သီးခြားမပြဆိုခြင်းမှာ “အဒေါသ” စေတသိက်ဖြင့် မေတ္တာကို၊ “တတြမဇ္ဈတ္တတ္တာ” စေတသိက်ဖြင့် ဥပေက္ခာကို ယူပြီးဖြစ်သောကြောင့်တည်း။
    မေတ္တာ၏အဓိပ္ပါယ် –
    အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြု၍ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသောသဘော၊
    (ထို့ကြောင့် သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသောအားဖြင့် ဖြစ်သောအခါ “အဒေါသ”သည်ပင် “မေတ္တာ”မည်သောကြောင့် အဒေါသဖြင့် မေတ္တာကို ယူအပ်ပါသည်။)
    ဥပေက္ခာ၏အဓိပ္ပါယ် –
    အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြု၍ သတ္တဝါတို့အပေါ်၌ အညီအမျှ လျစ်လျူရှုခြင်းသဘော
    (တစ်နည်း) ချစ်ခြင်း၊ မုန်းခြင်း ငြိမ်းပျောက်ကင်းရှင်းခြင်းအားဖြင့် ဖြစ်သောအခါ “တတြမဇ္ဈတ္တတ္တာ”သည်ပင် “ဥပေက္ခာ” မည်သောကြောင့် တတြမဇ္ဈတ္တတ္တာဖြင့် ဥပေက္ခာကို ယူအပ်ပါသည်။

    ၂။ “ပီတိကိုစား အားရှိပါ၏”ဟု အဆိုရှိရာ ပီတိ၏သဘော၊ လက္ခဏာနှင့် ဥပမာတို့ကို ပြဆို၍ ၊ထိုပီတိသည် သုခသဟဂုတ် ကာယဝိဉာဏ်စိတ်တို့နှင့် ယှဉ်၊ မယှဉ် အကြောင်းပြ ဖြေဆိုပါ။
    ပီတိ၏သဘော၊ လက္ခဏာနှင့် ဥပမာ
    သဘော = (၁) အာရုံ၌ နှစ်သက်ရွှင်လန်းစေတတ်သောကြောင့်
    (၂) ကိုယ်စိတ် ၂-ပါးကို နှစ်သက်ပြည့်ဖြိုး ပွါးတိုးစေတတ်သောကြောင့် ပီတိမည်၏။
    လက္ခဏာ = အာရုံကို လွန်စွာနှစ်သက်မြတ်နိုးခြင်းလက္ခဏာ ရှိ၏။
    ဥပမာများ = (၁) တောစခန်းမှ မောပန်းလာသော ခရီးသွားယောက်ျားသည် ရေကိုမြင်သော် နှစ်သက်ရွှင်လန်းသကဲ့သို့၊
    (၂) ပဒုမ္မာကြာပန်း ပွင့်လန်းလာသကဲ့သို့၊
    ပီတိသည် သုခသဟဂုတ် ကာယဝိညာဏ်စိတ်၌ မယှဉ်ပါ။
    သုခသဟဂုတ် ကာယဝိညာဏ်စိတ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကို ခံစားတတ်သော ကာယိကဖြစ်၍ ပီတိကား စိတ်၌ဖြစ်သော ချမ်းသာကို ခံစားတတ်သော သောမနဿဝေဒနာနှင့်ယှဉ်သော မာနသိက ဖြစ်သောကြောင့်တည်း။

    ၃။ ဝိရတီစေတသိက်တို့၏ “နာနာ”ဖြစ်ရပုံကို ဖြေဆို၍၊ ထိုဝိရတီစေတသိက်တို့ မဟာကြိယာစိတ်၌ မယှဉ်ခြင်းအကြောင်းကိုလည်း ရေးသားပါ။
    ဝိရတီစေတသိက်တို့ “နာနာ” ဖြစ်ရပုံ
    ဝိရတီစေတသိက်တို့သည် ဒုစရိုက်၊ ဒုရာဇီဝတို့ကို ရှောင်ကြဉ်ခိုက်တွင် မဟာကုသိုလ်စိတ်တို့၌ ယှဉ်ကြ၏။ ထိုသို့ ယှဉ်ရာ၌-
    (၁) အသက်မွေးဝမ်းကျောင်းကို မငဲ့ဘဲ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခိုက်အခါ၌ သမ္မာဝါစာသာဖြစ်၍ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့ မဖြစ်ပါ။
    (၂) အသက်မွေးဝမ်းကျောင်းကို မငဲ့ပဲ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခိုက်အခါ၌ သမ္မာကမ္မန္တသာဖြစ်၍ သမ္မာဝါစာနှင့် သမ္မာအာဇီဝတို့ မဖြစ်ပါ။
    (၃) အသက်မွေးဝမ်းကျောင်းကိုငဲ့၍ ကာယဒုစရိုက် ၃-ပါး၊ ဝဇီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခိုက်အခါ၌ သမ္မာအာဇီဝသာဖြစ်၍ သမ္မာဝါစာနှင့် သမ္မာကမ္မန္တတို့ မဖြစ်ပါ။
    ဤသို့ ဝိရတီစေတသိက်တို့သည် ဒုစရိုက်၊ ဒုရာဇီဝတရားများကို ရှောင်ကြဉ်ပုံချင်း မတူကွဲပြားသောကြောင့် မဟာကုသိုလ်စိတ်တို့၌ ယှဉ်ရာ၌ အတူတကွ(တစ်ပေါင်းတည်း) မယှဉ်နိုင်ကြပဲ အသီးသီး တစ်ပါးစီ၊ တစ်ပါးစီ (နာနာ)သာ ယှဉ်ကြသည်။
    ဝိရတီစေတသိက်တို့ မဟာကြိယာစိတ်၌ မယှဉ်ခြင်းအကြောင်း
    ဝိရတီတို့သည် – ဒုစရိုက်၊ ဒုရာဇီဝမှ ရှောင်ကြဉ်ခြင်းဖြစ်၍ ကုသိုလ်သဘောရှိ၏။
    မဟာကြိယာစိတ်ဟူသည် – ဒုစရိုက်၊ ဒုရာဇီဝတို့ကို အကြွင်းမဲ့ ပယ်ပြီးသော ရဟန္တာများ သန္တာန်၌သာဖြစ်၍ အဗျာကတသဘောရှိ၏။
    ဤသို့ ဇာတ်ချင်းမတူသဖြင့် ဝိရတီစေတသိက်တို့သည် မဟာကြိယာစိတ်၌ မယှဉ်နိုင်ကြပါ။

    ၁၉၉၆-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ စေတသိက်လက္ခဏာလေးပါးတွင် “ဧကနိရောဓလက္ခဏာ”ကို ထည့်ဆိုရခြင်းအကြောင်း ရှင်းပြ၍၊ ဝိညတ်ရုပ်များသည် စိတ်နှင့်အတူဖြစ်၊ စိတ်နှင့်အတူချုပ်ကြပါလျက် အဘယ့်ကြောင့် စေတသိက် မမည်ပါသနည်း။ ဖြေဆိုပါ။
    စေတသိက်လက္ခဏာလေးပါးဖြစ်သော
    (၁) ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း၊
    (၂) ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း၊
    (၃) ဧကာလမ္ဗဏ = စိတ်နှင့်အာရုံတူခြင်း၊
    (၄) ဧကဝတ္တုက = စိတ်နှင့်မှီရာတူခြင်းတို့တွင် “ဧကနိရောဓ” လက္ခဏာကို ထည့်ဆိုရခြင်းမှာ –
    အမှတ်(၁) လက္ခဏာဖြစ်သော ဧကုပ္ပါဒတစ်ပါးတည်းကိုသာ စေတသိက်ဟု ဆိုနိုင်ပါက စိတ်နှင့်အတူဖြစ်သော စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တရားတို့ကိုလည်း စေတသိက်ဟု ခေါ်ဆိုနိုင်ခြင်းကြောင့် ဤသို့မဖြစ်စေခြင်းငှာ စိတ်နှင့်အတူချုပ်ခြင်း (ဧကနိရောဓ) လက္ခဏာကို ထည့်ဆိုရခြင်းဖြစ်ပါသည်။
    ဝိညတ်ရုပ်များ စေတသိက် မမည်ခြင်းအကြောင်း
    ဝိညတ်ရုပ် ၂- ပါးသည် စိတ်နှင့်အတူဖြစ်၊ အတူချုပ်ကြ၏။ သို့ရာတွင် ရုပ်တရားဖြစ်၍ အာရုံကို မယူနိုင်ကြချေ။ ထို့ကြောင့် အမှတ်(၃) လက္ခဏာဖြစ်သော ဧကာလမ္ဗဏ ဟူသောအချက်နှင့် မပြည့်စုံသဖြင့် စေတသိက်ဟု မခေါ်နိုင်ပါ။

    ၂။ (က) ငါနှင့်ငါသာ နှိုင်းစရာ၊ (ခ) ကိုယ့်ထက်သာ မနာလိုမှု၊ (ဂ) လူမိုက်နောက်မှ နောင်တရ ဟူသော စကားတို့သည် မည်သည့်စေတသိက်တို့၏ သဘောလက္ခဏာများ၊ ဖြစ်ပါသနည်း။ ဖြေဆို၍ “ဟိရီနှင့် သြတ္တပ္ပ” မတူပုံကိုလည်း ဥပမာခင်း၍ ရှင်းပြပါ။
    (က) “ငါနှင့်ငါသာ နှိုင်းစရာ” ဟူသည် မာနစေတသိက်၊
    (ခ) “ကိုယ့်ထက်သာ မနာလို” ဟူသည် ဣဿာစေတသိက်၊
    (ဂ) “လူမိုက်နောက်မှ နောင်တရ” ဟူသည် ကုက္ကုစ္စစေတသိက်တို့၏ သဘောလက္ခဏာ အသီးသီး ဖြစ်ကြပါသည်။

    ဟိရီနှင့် သြတ္တပ္ပ ထူးခြားပုံ
    ဟိရီ
    (၁) မကောင်းမှု ဒုစရိုက်မှ ရှက်တတ်၊ စက်ဆုပ်တတ်သောသဘော၊
    (၂)ဟိရီသည် မိမိကိုယ်ကို ရိုသေလေးစားခြင်း၏ အစွမ်းဖြင့် မကောင်းမှု ဒုစရိုက်မှ စက်ဆုပ်တတ်သောကြောင့် မိမိဂုဏ်ကို ရိုသေလေးစား တန်ဖိုးထားသော အမျိုးကောင်းသမီးနှင့် တူ၏။

    သြတ္တပ္ပ
    (၁) မကောင်းမှုဒုစရိုက်မှ ကြောက်ရွံ့တတ်၊ ထိတ်လန့်တတ်သောသဘော၊
    (၂) သြတ္တပ္ပသည် သူတပါးကို ရိုသေလေးစားခြင်း၏ အစွမ်းဖြင့် မကောင်းမှု ဒုစရိုက်မှ ထိတ်လန့်တတ်သောကြောင့် သူတပါးကို ရိုသေလေးစားတတ်သော ပြည့်တန်ဆာမနှင့် တူ၏။ (ပြည့်တန်ဆာမတို့သည် သူတစ်ပါးကို ရိုသေလေးစားခြင်းကြောင့် မိမိကိုယ်ဝန်တည်မည်ကို ထိတ်လန့်တတ်ကြ၏။)
    ဤသို့ ဟိရီနှင့် သြတ္တပ္ပတို့ ထူးခြားပါသည်။

    ၃။ မူးယစ်ဆေးဝါးသုံးစွဲသူ၏ စိတ်အစဉ်၌ “မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ”ဟူသော အကုသိုလ်များ ပါဝင်ဖြစ်ပေါ်ပုံကို ဋီကာဖွင့်အတိုင်း ဖြေဆို၍၊ ဝိစိကိစ္ဆာစိတ်၌ အဓိမောက္ခ မယှဉ်ခြင်း အကြောင်းကိုလည်း ရေးပါ။
    မူးယစ်ဆေးဝါးသုံးစွဲသူ၏ စိတ်အစဉ်၌ “မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ”ဟူသော အကုသိုလ်များ ပါဝင်ဖြစ်ပေါ်ပုံ
    မူးယစ်ဆေးဝါးသုံးစွဲသူ၌ ဖြစ်ပေါ်သော အကုသိုလ်စိတ်အစဉ်တွင်-
    (က) မောဟဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း အကုသိုလ်အမှု၏ အပြစ်ကို ဖုံးလွှမ်းထား၏။
    (ခ) အဟိရိကဖြင့် ထိုအကုသိုလ်အမှုကို မစက်ဆုပ်စေရန် ပြုလုပ်ထား၏။
    (ဂ) အနောတ္တပ္ပဖြင့် ထိုအကုသိုလ်အမှုကို မကြောက်လန့်စေရန် ပြုလုပ်ထား၏။
    (ဃ) ဥဒ္ဓစ္စဖြင့် ထိုမူးယစ်ဆေးဝါးသုံးစွဲသူ၏ စိတ်အစဉ်ကို တွေဝေပျံ့လွင့်ကာ မငြိမ်းချမ်းအောင် ပြုလုပ်ထား၏။
    ဤနည်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ၏ စိတ်အစဉ်၌ “မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ”ဟူသော သဗ္ဗာကုသလ သာဓာရဏစေတသိက် ၄-ပါးတို့သည် ပါဝင်ဖြစ်ကြပါသည်။
    ဝိစိကိစ္ဆာစိတ်၌ အဓိမောက္ခ မယှဉ်ခြင်းအကြောင်း
    အဓိမောက္ခစေတသိက်တို့သည် အာရုံ၌ တုန်လှုပ်ခြင်းမရှိပဲ ဆုံးဖြတ်တတ်သော သဘောရှိ၏။ ဝိစိကိစ္ဆာစိတ်သည်ကား အာရုံ၌ရွေ့လျားခြင်း (မဆုံးဖြတ်နိုင်ခြင်း)သဘောရှိ၏။
    ဤသို့ သဘောလက္ခဏာ၊ သဘာဝချင်း ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ဝိစိကိစ္ဆာစိတ်၌ အဓိမောက္ခ စေတသိက်မယှဉ်ခြင်း ဖြစ်ပါသည်။

    ၁၉၉၇-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ “ဇီဝိတ၊ ဣနြေ္ဒ၊ ဇီဝိတိနြေ္ဒ” ဟူသော စကားတို့၏ အဓိပ္ပါယ်ကို အသီးသီးဖော်ပြ၍ သစ်ပင်များ၌ ရုပ်ဇီဝိတိနြေ္ဒ ရှိ၊ မရှိ ဖြေဆိုပါ။
    ဇီဝိတ = မိမိနှင့်အတူတကွဖြစ်ဘက် သမ္ပယုတ်တရားတို့၏ အသက်ရှင်ကြောင်းဖြစ်သောကြောင့် ဇီဝိတမည်၏။
    ဣနြေ္ဒ = ထိုဇီဝိတသည်ပင် သဟဇာတ်ဖြစ်သော နာမ်ရုပ်တရားတို့ကို စောင့်ရှောက်ခြင်း၌ အစိုးရသောကြောင့် ဣနြေ္ဒလည်း မည်၏။
    ဇီဝိတိနြေ္ဒ = ထို့ကြောင့် မိမိနှင့်အတူတကွဖြစ်ဖက် သမ္ပယုတ်တရားတို့၏ အသက်ရှင်ကြောင်းဖြစ်၍ သဟဇာတ်ဖြစ်သော နာမ်ရုပ်တရားတို့ကို စောင့်ရှောက်ခြင်း၌ အစိုးရသောကြောင့် ဇီဝိတိနြေ္ဒ မည်၏။
    သစ်ပင်များ၌ ရုပ်ဇီဝိတိနြေ္ဒ မရှိပါ။
    ရုပ်ဇီဝိတိနြေ္ဒဟူသည် မိမိနှင့်တကွဖြစ်ဖက် ကမ္မဇရုပ်တို့ကို စောင့်ရှောက်သော ကမ္မဇရုပ်များ၏ အသက်ဖြစ်သော ဇီဝိတရုပ်ကို ခေါ်၏။
    သစ်ပင်ဟူသည် ဥတုဇရုပ်ဖြစ်သောကြောင့် ကမ္မဇဧကန်ဖြစ်သော ရုပ်ဇီဝိတိနြေ္ဒ မရှိပါ။

    ၂။ “ဥပေက္ခာသဟဂုတ်စိတ်၌ အပ္ပမညာမယှဉ်” ဟူသော ကေစိဝါဒကို သဂြိုလ်ဆရာက အဘယ့်ကြောင့် ထည့်သွင်းဖော်ပြထားကြောင်း ဋီကာဆရာ၏ ရှင်းလင်းချက်ကို တင်ပြပါ။
    “ဥပေက္ခာသဟဂုတ်စိတ်၌ အပ္ပမညာမယှဉ်” ဟူသောဝါဒသည် ကေစိဝါဒဖြစ်ကြောင်း ဋီကာဆရာ၏ ရှင်းလင်းချက်
    အပ္ပမညာစေတသိက်တို့သည် မဟာကုသိုလ် မဟာကြိယာ ၁၆- ပါး၊ မဟဂ္ဂုတ် ပထမဈာန်မှ စတုတ္ထဈာန်အထိ ၁၂- ပါး၊ ပေါင်း ၂၈- ပါးသော စိတ်တို့တွင် ယှဉ်နိုင်ပါသည်ဟု သမာနဝါဒကဆိုသော်လည်း အချို့သောဆရာတို့က အပ္ပမညာစေတသိက်တို့သည် ဥပေက္ခာသဟဂုတ်စိတ်တို့တွင် မယှဉ်နိုင်သဖြင့် ပေါင်း ၂၀-ပါးသော စိတ်တို့တွင်သာ ယှဉ်နိုင်သည်ဟု ဆိုကြ၏။ ဤအဆိုမှာ မမှန်ကြောင်း ဋီကာဆရာက အောက်ဖော်ပြပါအတိုင်း ရှင်းလင်းထားပါသည်။
    ကရုဏာ၊ မုဒိတာ ကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများသောအခါ အပ္ပနာ(ဈာန)ဝီထိ၏ ရှေ့အဖို့၌ အလေ့အကျက်၏အစွမ်းဖြင့် ဥပေက္ခာသဟဂုတ်စိတ်တို့ဖြင့်လည်း ပရိကမ္မဘာဝနာ ဖြစ်နိုင်လေသည်။
    ဥပမာ (က) အဝါးဝစွာ လေ့လာအပ်ပြီးသော ကျမ်းစာကို ရွတ်အံသရဇ္ဈာယ်သောပုဂ္ဂိုလ်သည် တစ်ခါတစ်ရံ အခြားအာရုံသို့ စိတ်ရောက်နေသော်လည်း ရွတ်အံနိုင်သကဲ့သို့
    (ခ) အဝါးဝစွာ လေ့လာအပ်ပြီးသော ဝိပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို သုံးသပ်သောပုဂ္ဂိုလ်သည် တစ်ခါတစ်ရံ အလေ့အကျက်၏အစွမ်းဖြင့် ဉာဏဝိပ္ပယုတ်စိတ်တို့ဖြင့်လည်း သုံးသပ်နိုင်သကဲ့သို့တည်း။
    ထို့ကြောင့် “ဥပေက္ခာသဟဂုတ်စိတ်၌ အပ္ပမညာမယှဉ်” ဟူသောဝါဒကို ကေစိဝါဒဟု ဆိုရခြင်းဖြစ်ပါသည်။

    ၃။ အဘယ်စိတ်သည် အဘယ့်ကြောင့် “မဇ္ဈိမ”မည်ပါသနည်း၊ ဖြေဆို၍ ဝိရတီစေတသိက်က စိတ်ကို ထူးအောင်ပြုပုံကိုလည်း ရေးပြပါ။
    ကာမာဝစရစိတ်နှင့် လောကုတ္တရာစိတ်တို့၏ အလယ်၌ဖြစ်သောကြောင့် မဟဂ္ဂုတ်စိတ်သည် “မဇ္ဈိမ”မည်ပါသည်။
    ဝိရတီစေတသိက်က စိတ်ကိုထူးအောင်ပြုပုံ
    ဝိရတီစေတသိက်တို့သည် ကာမာဝစရကုသိုလ်စိတ်တို့၌သာ ယှဉ်ပြီး ဝိပါက်၊ ကြိယာစိတ်တို့၌ မယှဉ်သောကြောင့် ကာမာဝစရကုသိုလ်စိတ်တို့မှ ကာမာဝစရ ဝိပါက်စိတ်၊ ကြိယာစိတ်တို့ကို ထူးအောင် ပြုပါသည်။

    ၁၉၉၈-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ စေတနာ၏ (က) အဓိပ္ပါယ်၊ (ခ) လက္ခဏာ၊ (ဂ) ဥပမာ တို့ကိုပြဆို၍၊ “ကာယပဿဒ္ဓိ” ၌ “ကာယ” အရ ယူရမည့်တရားကိုလည်း ကောက်ပြပါ။
    စေတနာ၏
    (က) အဓိပ္ပါယ် = မိမိနှင့်အတူတကွ ယှဉ်ဘက်တရားတို့ကို အာရုံ၌ စေ့ဆော်တတ်သောကြောင့် (တစ်နည်း) သင်္ခတတရားတို့ ပြုစီမံခြင်း၌ လုံ့လဗျာပါရသို့ ရောက်စေတတ်သောကြောင့် စေတနာမည်၏။
    (ခ) လက္ခဏာ = စေ့ဆော်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း လက္ခဏာရှိ၏။
    (ဂ) ဥပမာများ = (၁) စစ်မြေပြင်မှ စစ်ဗိုလ်ချုပ်ကြီး၊ ကျောင်းသားခေါင်းဆောင်၊ လယ်ပိုင်ရှင်တို့ကဲ့သို့ မိမိနှင့်ယှဉ်ဘက်တရားများကို အာရုံ၌ စေ့ဆော်စပ်ဟပ် တိုက်တွန်းနှိုးဆော်တတ်သော သဘောရှိ၏။
    (၂) လက်သမားကြီး၊ တပည့်ကြီးတို့ကဲ့သို့ မိမိကိစ္စ၊ သူတပါးကိစ္စကို ပြီးစေတတ်သော သဘောရှိ၏။
    “ကာယပဿဒ္ဓိ” ၌ “ကာယ”အရ ယူရမည့်တရားမှာ ဝေဒနာစသော ခန္ဓာ ၃-ပါးအပေါင်း၊ (တစ်နည်း) စေတသိက်အပေါင်း ဖြစ်ပါသည်။

    ၂။ လောဘကြီးသော ယောင်္ကျာကလေးများ၌ ဒိဋ္ဌိဖြစ်တတ်ပုံကို ပြဆို၍၊ မာနကြီးသော မိန်းကလေးများမှာ လောဘကြောင့်လော၊ ဒေါသကြောင့်လော ရှင်းပြပါ။
    လောဘကြီးသော ယောင်္ကျားကလေးများ၌ ဒိဋ္ဌိဖြစ်တတ်ပုံ
    ဒိဋ္ဌိဟူသည် – ခန္ဓာ ၅- ပါးအပေါ်၌ ငါ၊ ငါ၏အတ္တ စသောအားဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းတတ်သော၊ အယူမှားတတ်သောသဘော ဖြစ်၏။
    လောဘဟူသည် – လောကီအာရုံ ကာမဂုဏ်ကို တပ်မက်ခင်မင် လိုချင်တတ်သောသဘော ဖြစ်၏။
    ထို့ကြောင့် လောဘကြီးသော ယောင်္ကျားကလေးများ၌ ခန္ဓာ ၅-ပါးအပေါ်၌ တွယ်တာမြတ်နိုးခြင်းဖြစ်ပြီးလျှင် မှားယွင်းစွာ နှလုံးသွင်းမှု “ဒိဋ္ဌိ”သည်လည်း ဖြစ်ပေါ်တတ်ပါသည်။
    မာနကြီးသော မိန်းကလေးများမှာ လောဘကြောင့် ဖြစ်ပါသည်။
    မာနဟူသည် ခန္ဓာ ၅-ပါးအပေါ် ငါစွဲစွဲပြီးလျှင် “ငါမြတ်၏။ ငါဂုဏ်ရှိ၏” စသည်ဖြင့် ထောင်လွှားတတ်သော သဘောဖြစ်၏။ ထိုထောင်လွှားတက်ကြွမှု မာန်မာနသည် မိမိကိုယ်ကို ချစ်ခင်မှုလောဘကို အကြောင်းခံ၍ ဖြစ်ရသောကြောင့် (ဝါ) စင်စစ်လောဘလျှင် နီးစွာသောအကြောင်း ဖြစ်သောကြောင့် မာနကြီးသော မိန်းကလေးများမှာ လောဘကြောင့် ဖြစ်ပါသည်။

    ၃။ ဝိစိကိစ္ဆာစိတ်၌ အဓိမောက္ခ မယှဉ်ခြင်းအကြောင်းကိုရေး၍၊ အဘယ်စိတ်တို့ကို အဘယ်ကြောင့် “မနောဓာတ်”ဟု ခေါ်ပါသနည်း။ ဖြေဆိုပါ။
    ဝိစိကိစ္ဆာ၌ အဓိမောက္ခ မယှဉ်ခြင်း (၁၉၉၆၊ နံပါတ်- ၃)
    “မနောဓာတ်”ဟူသည် အာရုံကို သိရုံမျှဖြစ်သောဓာတ်ကို ခေါ်၏။ မနောဓာတ်အမည်ရသော စိတ်တို့မှာ-
    (၁) ပဉ္စဒွါရာဝဇ္ဇန်းစိတ်
    (၂) သမ္ပဋိစ္ဆိုင်းဒွေးတို့ ဖြစ်ပါသည်။
    ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မနောဓာတ်မည်ပုံ
    ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရ၌ထင်လာသော ပဉ္စာရုံကို ဆင်ခြင်ရုံမျှ၊ သိရုံမျှဖြစ်သည်။ အာရုံကို အထူးအားဖြင့် သိခြင်းကိစ္စမရှိပါ။ ထို့ကြောင့် မနောဓာတ်မည်ပါသည်။
    သမ္ပဋိစ္ဆိုင်းဒွေးသည် မနောဓာတ်မည်ပုံ
    သမ္ပဋိစ္ဆိုင်းဒွေးသည် ပဉ္စဒွါရ၌ထင်လာသော အာရုံကို ခံလင့်ရုံမျှ သိရုံမျှဖြစ်သည်။ အာရုံကို အထူးအားဖြင့် သိခြင်းကိစ္စမရှိပါ။ ထို့ကြောင့် မနောဓာတ်မည်ပါသည်။

    ၁၉၉၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ ဧကဝတ္တုကသဒ္ဒါကို စေတောယုတ္တလက္ခဏာ၌ ထည့်သွင်းရခြင်း၏အကျိုးကို ဖော်ပြ၍၊ အောက်ပါတရားများကိုလည်း ဖြေဆိုပါ။
    (က) စိတ်နှင့်အတူတကွသာဖြစ်၍ စိတ်နှင့်အတူတကွ မချုပ်သောတရား၊
    (ခ) စိတ်နှင့်အတူတကွ ဖြစ်ခြင်းချုပ်ခြင်းရှိ၍ စိတ်နှင့်အာရုံမတူသောတရား။
    ဧကဝတ္တုကသဒ္ဒါကို စေတောယုတ္တလက္ခဏာ၌ ထည့်သွင်းရခြင်းအကျိုးမှာ-
    ရှေ့လက္ခဏာ ၃-ပါးနှင့်ပြည့်စုံသော စေတသိက်တို့သည် အမြဲတမ်းတူသော မှီရာဝတ္တုရုပ် ရှိကြသည်သာတည်းဟူသော အနက်အဓိပ္ပါယ်ကိုပြခြင်း ဖြစ်သည်။
    (က) စိတ်နှင့်အတူတကွသာဖြစ်၍ စိတ်နှင့်အတူတကွ မချုပ်သောတရားတို့မှာ-
    ဝိညတ်ရုပ်နှစ်ပါးကြဉ်သော စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ ဖြစ်ကြပါသည်။
    (ခ) စိတ်နှင့်အတူတကွ ဖြစ်ခြင်းချုပ်ခြင်းရှိ၍ စိတ်နှင့် အာရုံမတူသောတရားတို့မှာ-
    ဝိညတ်ရုပ်နှစ်ပါး ဖြစ်ပါသည်။

    ၂။ ဇီဝိတိနြေ္ဒသည် သဟဇာတ်တရားတို့ကို စောင့်ရှောက်သည်ဟုဆိုရာ ဇီဝိတိနြေ္ဒကိုကား မည်သည့်တရားက ပြန်၍ စောင့်ရှောက်ပါသနည်း။ ဥပမာနှင့်တကွ ဖြေ၍၊ အောက်ပါ စေတသိက်များကိုလည်း ဖော်ပြပါ။
    (က) မယိမ်းမယိုင် ကျောက်စာတိုင်နှင့်တူသော စေတသိက်၊
    (ခ) မိတ်ဆွေကောင်းနှင့်တူသော စေတသိက်။
    ဇီဝိတိနြေ္ဒသည် သဟဇာတ်တရားတို့ကို စောင့်ရှောက်သည်ဟုဆိုရာ ဇီဝိတိနြေ္ဒကို ဇီဝိတိနြေ္ဒကပင် စောင့်ရှောက်ပါသည်။
    ဥပမာ- လိုရာခရီးသို့ ခရီးသည်များကို ပို့ဆောင်သော လှေလှော်သားသည် ခရီးသည်တို့ကို စောင့်ရှောက်၍ ပို့ရာ၌ ထိုလှေထဲတွင် ပါလာသောမိမိကိုယ်ပါ စောင့်ရှောက်ပြီးသား ပို့ပြီးသား ဖြစ်ပါသည်။
    (က) မယိမ်းမယိုင် ကျောက်စာတိုင်နှင့်တူသော စေတသိက် = အဓိမောက္ခ
    (ခ) မိတ်ဆွေကောင်းနှင့်တူသော စေတသိတ် = အဒေါသ

    ၃။ ကမ္မဋ္ဌာန်းပိုင်း၌ အပ္ပမညာ ၄-ပါး ဆိုထားပါလျက် စေတသိက်ပိုင်း၌ ၂-ပါးသာ ဆိုရခြင်းအကြောင်းကို ပြဆို၍၊ “မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာမည်”ဟု ဆိုကြရာ မနာလိုမှုနှင့် ဝန်တိုမှုတို့ အတူတကွ ဖြစ်နိုင်၊ မဖြစ်နိုင် အကြောင်းပြ ဆုံးဖြတ်ပါ။
    ကမ္မဋ္ဌာန်းပိုင်း၌ အပ္ပမညာ ၄- ပါးဆိုထားပါလျက် စေတသိက်ပိုင်း၌ ၂- ပါးသာဆိုရခြင်းအကြောင်းမှာ အဒေါသစေတသိက်ဖြင့် မေတ္တာကို၊ တတြမဇ္ဈတ္တတ္တာ စေတသိက်ဖြင့် ဥပေက္ခာကို ယူပြီးဖြစ်သောကြောင့် ကြွင်းသော ကရုဏာနှင့် မုဒိတာ ၂-ပါးကိုသာ အပ္ပမညာစေတသိက်အဖြစ် ပြခြင်းဖြစ်ပါသည်။
    မနာလိုမှု(ဣဿာ) နှင့် ဝန်တိုမှု(မစ္ဆရိယ)တို့ အတူတကွ မဖြစ်နိုင်ပါ။
    ဒေါသမူစိတ်နှစ်ပါး၌ ထိုစေတသိက်များ ယှဉ်ရာဝယ် အာရုံချင်းမတူ ကွဲပြားသောကြောင့် အတူတကွ တစ်ပေါင်းတည်း မယှဉ်နိုင်ပဲ အသီးသီးတစ်ပါးစီသာ ယှဉ်ရပါသည်။

    ၂၀၀၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ အဓိမောက္ခ၏ (က) အဓိပ္ပါယ်၊ (ခ) လက္ခဏာ၊ (ဂ) ဥပမာတို့ကို ဖော်ပြ၍၊ လိုချင်မှုသဘာဝချင်း တူညီကြသော ဆန္ဒနှင့် လောဘတို့၏ လိုချင်ပုံထူးခြားဟန်ကိုလည်း ဖြေဆိုခဲ့ပါ။
    အဓိမောက္ခ၏အဓိပ္ပါယ်မှာ အာရုံ၌စွဲစွဲမြဲမြဲ တုန်လှုပ်ခြင်းမရှိပဲ ဆုံးဖြတ်ခြင်းဖြစ်၏။ အာရုံ၌ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏။ မြဲမြံစွာ စိုက်ထူထားသော ကျောက်စာတိုင်၊ တံခါးတိုင်ဖြင့် ဥပမာပြ၏။
    ဆန္ဒ – သည် ကောင်းသောအာရုံများကို လိုချင်မှုဖြစ်ကာ ငြိကပ်တွယ်တာ တပ်မက်မှုမရှိသော လိုချင်မှုဖြစ်၏။ အာရုံကို အလိုရှိကာမျှ၊ ပြုလိုကာမျှသဘောဖြစ်၏။
    လောဘ – သည် မကောင်းသော ကာမဂုဏ်အာရုံများကို လိုချင်မှုဖြစ်၏။ ငြိကပ်တွယ်တာ မက်မောမှုပါသော လိုချင်မှုဖြစ်၏။ တမ်းတမ်းစွဲ ငမ်းငမ်းတက် လက္ခဏာရှိ၏။
    ဤသို့ ထူးပါသည်။

    ၂။ မစ္ဆရိယသည် လောဘအရင်းခံ၍ ဖြစ်ပေါ်လာသည် ဖြစ်ပါလျက် ဒေါသမူစိတ်၌ ယှဉ်ရခြင်းအကြောင်းကို ဖော်ပြ၍၊ လောကီဝိရတီနှင့် လောကုတ္တရာဝိရတီတို့၏ တူဟန်၊ ထူးခြားဟန်ကိုလည်း ဖြေဆိုခဲ့ပါ။
    မစ္ဆရိယသည် လောဘအရင်းခံ၍ ဖြစ်ပေါ်လာသည် ဖြစ်ပါလျက် မိမိစည်းစိမ်ကို သူတပါးတို့နှင့် ဆက်ဆံသည်ကို မလိုလားခြင်း၊ သည်းမခံနိုင်ခြင်းဟူသော ဒေါသသဘော ရောနှောပါဝင်လာ၍ မစ္ဆရိယဖြစ်ခိုက် အရင်းခံလောဘချုပ်ပြီး ဒေါသသဘော သက်ရောက်သဖြင့် ဒေါသမူစိတ်၌ ယှဉ်ရပါသည်။
    လောကဝိရတီနှင့် လောကုတ္တရာ ဝိရတီတို့ တူဟန်မှာ ဒုစရိုက်၊ ဒုရာဇီဝတို့ကို ပြုလုပ်ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သည်။
    ထူးခြားဟန်မှာ – လောကီဝိရတီသည် ဒုစရိုက်၊ ဒုရာဇီဝတို့ကို အသီးသီးတစ်ပါးစီသာ ပယ်နိုင်၏။ တစ်ပြိုင်နက် အကြွင်းမဲ့ မပယ်နိုင်ပါ။ လောကုတ္တရာဝိရတီတို့မှာ ဒုစရိုက်၊ ဒုရာဇီဝတို့ကို တစ်ပြိုင်နက် အကြွင်းမဲ့ ပယ်နိုင်၏။

    ၃။ အယူဝါဒ လွဲမှားမှု ဒိဋ္ဌိနှင့် မိမိကိုယ်ကို အထင်ကြီးမှု မာနတို့သည် ဒေါသမူ၊ မောဟမူစိတ်တို့၌မဖြစ်၊ ဟူသောအဆိုကို ဋီကာဆရာအလိုကျ ဖြေဆိုပါ။
    ဒိဋ္ဌိနှင့် မာနတို့သည် ဒေါသမူစိတ်၊ မောဟမူစိတ်တို့၌ မဖြစ်ကြပါ။
    ဒိဋ္ဌိသည် ခန္ဓာ ၅-ပါးကို ငါ(အတ္တ)၊ ငါရှိ၏၊ ငါမြဲ၏ဟု စွဲ၍ စွဲလမ်းတပ်မက်၏။ မာနသည် ခန္ဓာ ၅-ပါးအပေါ် ငါစွဲ စွဲပြီးလျှင် တပ်မက်စွဲလမ်း၍ ထောင်လွှား၏။ ထိုသို့ ခန္ဓာ ၅-ပါးအပေါ် စွဲလမ်းတပ်မက်မှုဟူသော လောဘလျှင် နီးစွာသောအကြောင်း ရှိသောကြောင့် လောဘမူစိတ်မှ တစ်ပါးသော ဒေါသမူ၊ မောဟမူစိတ်တို့၌ မယှဉ်ပါ။

    ၂၀၀၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ “စိတ်တူ သဘောတူ” ဟူသော လောကစကားကဲ့သို့ပင် အဘိဓမ္မာသဘာဝ၌လည်း စိတ်နှင့်ဖြစ်ပျက်တူသော နာမ်တရား၊ ရုပ်တရားတို့ကို ဖော်ပြ၍၊ ကာယပဿဒ္ဓိ၊ စသည်တို့ကို နှစ်ပါးစီတွဲ၍ ဟောရခြင်း၏အကြောင်းကိုလည်း ရေးသားပါ။
    စိတ်နှင့်ဖြစ်ပျက်တူသော နာမ်တရား = စေတသိက်၊
    စိတ်နှင့်ဖြစ်ပျက်တူသော ရုပ်တရား = ဝိညတ်ရုပ် ၂-ပါး

    ကာယပဿဒ္ဓိ စသည်တို့ကို နှစ်ပါးစီတွဲ၍ ဟောရခြင်းအကြောင်း
    သဒ္ဓါစသော စေတသိက်တို့သည် ဆန့်ကျင်ဘက် အကုသိုလ်တရားကို တစ်ပါးစီ (တစ်ပါးချင်း)သာ ပယ်နိုင်ကြ၏။ ကာယပဿဒ္ဓိ စသော စေတသိက်တို့ကား နှစ်ပါးတွဲမှသာ ဆန့်ကျင်ဘက်အကုသိုလ်တို့ကို ပယ်နိုင်သောကြောင့် နှစ်ပါးစီတွဲ၍ ဟောတော်မူသည်။

    ၂။ “လုံ့လရှေ့ဆောင် ကြံတိုင်းအောင်”ဟူသော ဆိုရိုးစကားနှင့်အညီ ဇွဲလုံ့လရှိသူတို့၌ ဖြစ်လေ့ရှိသော စေတသိက်၏ (က) အဓိပ္ပါယ်၊ (ခ) လက္ခဏာ၊ (ဂ) ဥပမာတို့ကို ဖြေဆို၍ သဝိတက္ကစိတ်၌ ဒွေပဉ္စဝိညာဏ် ကြဉ်ရခြင်းအကြောင်းကိုလည်း ရေးသားပါ။
    ဇွဲလုံ့လရှိသူတို့၌ ဖြစ်လေ့ရှိသော စေတသိက်မှာ ဝီရိယဖြစ်၏။

    ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို ထိုထိုကိစ္စ၌ ဆုတ်နစ်လျော့ရဲမှုမရှိအောင် ထောက်ပံ့တတ်သောကြောင့် ဝီရိယမည်၏။ သဟဇာတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်း လက္ခဏာရှိ၏။ လဲပြိုကာနီး အိမ်အိုကြီးကို မလဲမပြိုအောင် ထောက်ထားသော ထောက်ကျားတိုင်ဖြင့် ဥပမာပြ၏။
    သဝိတက္ကစိတ်၌ ဒွေပဉ္စဝိညာဏ် ကြဉ်ရခြင်းအကြောင်း
    ဒွေပဉ္စဝိညာဏ်တို့သည် ပင်ကိုယ်သဘောအားဖြင့် ဝိတက်ကင်းသောကြောင့် သဝိတက္ကစိတ်၌ ဒွေပဉ္စဝိညာဏ် မပါပါ။ ဝိတက်ကင်းခြင်းဆိုသည်မှာ ဒွေပဉ္စဝိညာဏ်တို့တွင် ဝတ္တုအာရုံတို့၏ ထိခိုက်မှအစွမ်း ထင်ရှားသောကြောင့် ထိုအာရုံများသို့ ဝိတက်တင်ပေးဖွယ် မလိုချေ။

    ၃။ ဝိရတီစေတသိက်တို့သည် လောကီစိတ်တို့၌ အမြဲမယှဉ်ပဲ လောကုတ္တရာစိတ်တို့၌သာ အမြဲယှဉ်ရခြင်း၏ အကြောင်းကို ရေးသား၍၊ သတ္တဝါတို့အပေါ်၌ သနားခြင်း၊ ဝမ်းမြောက်ခြင်းတို့သည် သန့်စင်မွန်မြတ်ပါလျက် အဘယ့်ကြောင့် လောကုတ္တရာစိတ်၌ မယှဉ်ရပါသနည်း။ ဖြေဆိုပါ။
    ဝိရတီစေတသိက်တို့ လောကုတ္တရာစိတ်တို့၌ အမြဲယှဉ်ရခြင်း၏ အကြောင်း
    မဂ်သည် ကာယဒုစရိုက် စသည်တို့ကို အကြွင်းမဲ့ဖြတ်ခြင်း၏အစွမ်းဖြင့် ဖြစ်သောကြောင့်လည်းကောင်း၊ ဖိုလ်သည်လည်း မဂ်က အကြွင်းမဲ့ ဖြတ်အပ်ပြီးသော ကိလေသာတို့ကို တစ်ဖန်ငြိမ်းစေခြင်း၏အစွမ်းဖြင့် ထိုမဂ်အားလျော်စွာသာလျှင် ဖြစ်သောကြောင့်လည်းကောင်း ဝိရတီစေတသိက်တို့သည် လောကုတ္တရာစိတ်တို့၌ အမြဲယှဉ်ကြပါသည်။

    သတ္တဝါတို့အပေါ်၌ သနားခြင်း(ကရုဏာ)၊ ဝမ်းမြောက်ခြင်း(မုဒိတာ) တို့သည် သန့်စင်မွန်မြတ်ပါလျက် လောကုတ္တရာစိတ်တို့၌ မယှဉ်ပါ။
    အဘယ့်ကြောင့်ဆိုသော် အပ္ပမညာတို့သည် သတ္တဝါပညတ်ကို အာရုံပြု၏။ လောကုတ္တရာစိတ်တို့သည် နိဗ္ဗာန်ကို အာရုံပြု၏။ ထိုသို့ အာရုံချင်းမတူကွဲပြားသောကြောင့် အပ္ပမညာတို့ လောကုတ္တရာစိတ်တို့၌ မယှဉ်ကြပါ။

    ၂၀၀၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ “ဝိတက်၊ ဝိစာရ၊ မနသိကာရ” တို့၏ ထူးခြားချက်ကို ရှင်းပြ၍၊ “ဆန္ဒခေါ်ပုံ” “ဆန္ဒ၏လက္ခဏာ”၊ “ဆန္ဒ၏ ဥပမာ”တို့ကိုလည်း ဖော်ပြပါ။
    ဝိတက်၊ ဝိစာရ၊ မနသိကာရ တို့၏ ထူးခြားချက်
    ဝိတက် – သမ္ပယုတ်တရားတို့ကို အာရုံသို့ရောက်အောင် ရှေ့ရှုတင်ပေးခြင်းသဘော၊ ကြံစည်ခြင်းလက္ခဏာ။
    ဝိစာရ – စိတ်၏အာရုံ၌ထင်လာအောင် လှည့်လည်ခြင်းသဘော၊ အာရုံကို အဖန်ဖန်အထပ်ထပ် သုံးသပ်ခြင်း လက္ခဏာ။
    မနသိကာရ – စိတ်ကို အာရုံ၌ထင်လာအောင် ပြုလုပ်ပေးခြင်းသဘော၊ သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်တန်းစွာ မောင်းနှင်ပေးခြင်းလက္ခဏာ။
    ဆန္ဒခေါ်ပုံ – အလိုရှိခြင်းသည် ဆန္ဒမည်၏။ အာရုံကို အလိုရှိကာမျှဖြစ်သောသဘောကို ဆန္ဒဟု ခေါ်၏။
    ဆန္ဒ၏လက္ခဏာ – အာရုံတစ်ခုခုကို ပြုလိုခြင်း (ကတ္တုကမျတာ) လက္ခဏာရှိ၏။
    ဆန္ဒ၏ဥပမာ – (၁) လက်ကို ဆန့်တန်းခြင်း၊ လှမ်းယူခြင်းကဲ့သို့၊
    (၂) ပစ်အပ်သောမြားကို ကောက်ယူသော လေးသမားကဲ့သို့။

    ၂။ မြန်မာ့ယဉ်ကျေးမှုကို ဖီလာဆန့်ကျင်၍ ဝတ်စာဆင်ယင်လျက်ရှိသော မြန်မာအမျိုးသမီးကလေး၏သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော “စေတသိက်”တို့ကို ဖော်ပြ၍၊ ယင်းစေတသိက်တို့၏ လက္ခဏာကိုလည်း ဖော်ပြပါ။
    မြန်မာ့ယဉ်ကျေးမှုကို ဖီလာဆန့်ကျင်၍ ဝတ်စာဆင်ယင်လျက်ရှိသော မြန်မာအမျိုးသမီးကလေး၏ သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော စေတသိက်မှာ အဟိရိကနှင့် အနောတ္တပ္ပတို့ ဖြစ်ကြပါသည်။
    အဟိရိက – သည် ကာယဒုစရိုက် စသည်မှ မစက်ဆုပ်ခြင်းလက္ခဏာ ရှိ၏။
    အနောတ္တပ္ပ – သည် ကာယဒုစရိုက်စသည်မှ မကြောက်လန့်ခြင်းလက္ခဏာ ရှိ၏။

    ၃။ “သမ္ပယောဂနည်း” “သင်္ဂဟနည်း” အထူးကို ဖော်ပြ၍၊ လောကုတ္တရာစိတ်၌ “အပ္ပမညာ” မယှဉ်နိုင်ခြင်း အကြောင်းကိုလည်း ဖြေဆိုပါ။
    သမ္ပယောဂနည်း နှင့် သင်္ဂဟနည်း (အထူး)
    စေတသိက်ကို မူတည်၍ ယှဉ်ရာစိတ်ကို ပိုင်းခြားပြသောနည်းသည် သမ္ပယောဂနည်းမည်၏။
    စိတ်ကိုမူတည်၍ ယှဉ်သောစေတသိက်အစုကို ပိုင်းခြားပြသောနည်းသည် သင်္ဂဟနည်းမည်၏။
    လောကုတ္တရာစိတ်၌ အပ္ပမညာ မယှဉ်နိုင်ခြင်း၏အကြောင်း
    အပ္ပမညာစေတသိက်တို့သည် သတ္တဝါပညတ်ကို အာရုံပြု၍၊
    လောကုတ္တရာစိတ်တို့သည် နိဗ္ဗာန်ကို အာရုံပြု၏။
    ထိုသို့ အာရုံချင်း ကွဲပြားခြားနားသောကြောင့် လောကုတ္တရာစိတ်၌ အပ္ပမညာ မယှဉ်နိုင်ပါ။

    ၂၀၀၃-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ “စိတ်တူ သဘောတူ”ဟု ဆိုသော်လည်း (က) စိတ်နှင့်အတူသာဖြစ်၍ အတူမချုပ်သောတရား၊ (ခ) စိတ်နှင့်အတူ ဖြစ်ချုပ်သော်လည်း အာရုံမတူသော တရားတို့ကို ဖော်ပြ၍၊ အယူလွဲမှားသူ၏ သန္တာန်၌ ဉာဏ်ယှဉ်၊ မယှဉ်ကိုလည်း ဉာဏ်နှင့် ဒိဋ္ဌိတို့၏ ခြားနားချက်ကိုထောက်၍ ဆုံးဖြတ်ပါ။
    (က) ကမ္မဇရုပ်နှင့် ဝိညတ်ဒွေးကြဉ်သော စိတ္တဇရုပ်
    (ခ) ဝိညတ်ဒွေး
    (“စိတ်တူ သဘောတူ” ဟု ဆိုသော်လည်း – ၁၉၉၉၊ နံပါတ်ကိုလည်း ကြည့်ပါ။)
    အယူလွဲမှားသူ၏ သန္တာန်၌ ဉာဏ်မယှဉ်ပါ။ အကြောင်းမှာ-
    ဒိဋ္ဌိ – သည် အာရုံ၏ သဘောမှန်ကိုစွန့်၍ မဟုတ်မမှန်သောအားဖြင့် နှလုံးသွင်းတတ်၊ သိတတ်၏။
    ဉာဏ် – သည် အာရုံကို ဟုတ်မှန်သည့်အတိုင်း သဘာဝကျကျ နှလုံးသွင်းတတ်၊ သိတတ်၊ မြင်တတ်၏။
    ဤသို့ သဘောအားဖြင့် ခြားနားသောကြောင့် ဖြစ်ပါသည်။

    ၂။ “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟု ဆိုရာ၌ ကံဟူသည် အဘယ်တရားနည်း၊ ယင်းတရား၏ (က) အဓိပ္ပါယ်၊ (ခ) လက္ခဏာ၊ (ဂ) ဥပမာန တို့ကိုရေး၍၊ အောက်ပါ စေတသိက်တို့ကို မှန်ကန်အောင် ရေးသားပါ။
    (က) အလံနှင့်တူသော စေတသိက်
    (ခ) တံခါးမှူးနှင့်တူသော စေတသိက်
    ကံဟူသည် စေတနာ ဖြစ်ပါသည်။
    (က) အဓိပ္ပါယ် – သင်္ခတ တရားတို့ကို ပြုစီမံခြင်း၌ လုံ့လဗျာပါရသို့ ရောက်တတ်သောသဘော၊
    (ခ) လက္ခဏာ – စေ့ဆော်တိုက်တွန်း နှိုးဆော်ခြင်းလက္ခဏာ၊
    (ဂ) ဥပမာ – မိမိကိစ္စ၊ သူတစ်ပါးကိစ္စတို့ကို ပြီးစေတတ်သော လက်သမားကြီး၊ တပည့်ကြီး။

    (က) အလံနှင့်တူသော စေတသိက် = မာန
    (ခ) တံခါးမှူးနှင့်တူသော စေတသိက် = သတိ

    ၃။ စိတ်ဆိုးနေသူတစ်ချို့မှာ ပြုံးရယ်နိုင်ကြရ၊ ပီတိသည် ဒေါသမူဒွေးနှင့်ယှဉ်သောသဘော ဟုတ်၊ မဟုတ် ရှင်းပြ၍၊ မဟဂ္ဂုတ် ပဉ္စမဈာန်စိတ်၌ အပ္ပမညာမယှဉ်ရခြင်း အကြောင်းကိုလည်း ရှင်းပြပါ။
    စိတ်ဆိုးနေသူတစ်ချို့မှာ ပြုံးရယ်နိုင်ကြသည်ဆိုရာ၌ ပီတိသည် ဒေါသမူဒွေးနှင့် ယှဉ်သောသဘော မဟုတ်ပါ။
    ပီတိသည် စတုတ္ထဈာန် သောမနဿသဟဂုတ်စိတ် ၁၁-ပါးကြဉ်သော သောမနဿသဟဂုတ်စိတ် ၅၁-ပါးနှင့်ယှဉ်၏။ ဒေါမနဿဝေဒနာရှိသော ဒေါသမူဒွေး၌ ဝေဒနာခြားသောကြောင့် မယှဉ်နိုင်ပါ။
    မဟဂ္ဂုတ်ပဉ္စမဈာန်စိတ်၌ အပ္ပမညာမယှဉ်ခြင်းအကြောင်း
    အပ္ပနာသို့ရောက်ကုန်သော အပ္ပမညာတို့သည် တစ်ခါတစ်ရံမျှ သောမနဿနှင့် ကင်း၍ဖြစ်ခြင်း မရှိသောကြောင့် ဥပေက္ခာသဟဂုတ်ဖြစ်သော မဟဂ္ဂုတ်ပဉ္စမဈာန်စိတ်တို့၌ အပ္ပမညာစေတသိက် မယှဉ်ပါ။

    ၂၀၀၄-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ အကြမ်းဖက်သမားတို့၏ သန္တာန်၌ဖြစ်သော စေတသိက်နှင့် ထိုအကြမ်းဖက်ဝါဒကို ဆန့်ကျင်သူတို့၏ သန္တာန်၌ဖြစ်သော စေတသိက်တို့၏ (က) သဘောလက္ခဏာ၊ (ခ) ဥပမာတို့ကို ဖြေ၍၊ ကာယပဿဒ္ဓိ၌ ကာယအရကိုလည်း ကောက်ပြပါ။
    ဒေါသစေတသိက်
    (က) သဘော – ကိုယ်စိတ်နှစ်ပါးကို (သို့) မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သောသဘော၊
    လက္ခဏာ – ခက်ထန်ကြမ်းတမ်းခြင်းလက္ခဏာ၊
    (ခ) ဥပမာ – တုတ်ဖြင့် ပုတ်ခတ်အပ်သော မြွေဟောက်ကဲ့သို့၊
    အဒေါသစေတသိက်
    (က) သဘော = ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောတရား
    (မခက်ထန် မကြမ်းတမ်းခြင်း နူးညံ့သိမ်မွေ့ခြင်း သဘောတရား)
    လက္ခဏာ = မကြမ်းတမ်းခြင်း လက္ခဏာ၊
    (ခ) ဥပမာ = အရာရာ၌ လိုက်လျော သဘောချင်းတူမျှသော မိတ်ဆွေကောင်းနှင့် တူပါသည်။
    ကာယအရ (၁၉၉၈၊ နံပါတ်- ၁)

    ၂။ လောကဓာတ်ပညာတွင် မတွေ့မြင်ရပဲ ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာ၌သာလာရှိသော အသိ ၃-မျိုးတို့၏ သဘောသွားကို ဥပမာခင်းရှင်းပြ၍၊ ကျောင်းသားတစ်ယောက်က စာမှတ်မိခြင်းသည် မည်သည့်အသိမျိုး ဖြစ်မည်ကိုလည်း ထင်မြင်ချက်ပေးပါ။
    အသိ ၃- မျိုးတို့၏ သဘောသွား (၁၉၉၀၊ နံပါတ်-၂)
    ကျောင်းသားတစ်ယောက် စာမှတ်မိခြင်းသည် သညာသိ ဖြစ်ပါသည်။

    ၃။ ဒုစရိုက်ပြုပြီး ဝိပ္ပဋိသာရဖြစ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်သည် အဘယ့်ကြောင့် ဒေါသမူဒွေးနှင့်သာ ယှဉ်တွဲဖြစ်ရသည်ကိုလည်းကောင်း၊ လောကုတ္တရာစိတ်၌ အပ္ပမညာစေတသိက်သည် အဘယ့်ကြောင့် မယှဉ်ရသည်ကိုလည်းကောင်း လိုရင်းမိအောင် ဖြေပါ။
    ဒုစရိုက်မှုပြုပြီး ဝိပ္ပဋိသာရဖြစ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ ကုက္ကုစ္စစေတသိက်ဖြစ်ပါသည်။ ထိုစေတသိက်သည် ပြုအပ်ပြီးသော ဒုစရိုက်အာရုံ၌ ထိပါးချုပ်ခြယ်ခြင်း(ဒေါသ) ၏အစွမ်းဖြင့်သာလျှင် ဖြစ်သောကြောင့် ဒေါသမူဒွေး၌သာ ယှဉ်တွဲဖြစ်ရပါသည်။
    လောကုတ္တရာစိတ်၌ အပ္ပမညာစေတသိက် မယှဉ်ရခြင်း (၂၀၀၂၊ နံပါတ်-၃)

    ၂၀၀၅-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ ဗုဒ္ဓဘာသာဝင် သူတော်စင် စစ်စစ်ဖြစ်ကြရာ၌ ပဓာနပါဝင်သော စေတသိက်အမည်ကို ဖော်ပြ၍၊ ယင်းစေတသိက်၏သဘော၊ လက္ခဏာ၊ ဥပမာ တို့ကိုလည်း ဖြေဆိုပါ။
    ဗုဒ္ဓဘာသာဝင်သူတော်စင် စစ်စစ်ဖြစ်ကြရာ၌ ပဓာနပါဝင်သော စေတသိက်မှာ သဒ္ဓါစေတသိက်ဖြစ်ပါသည်။
    သဒ္ဓါ၏သဘော = ရတနာ ၃-ပါး၊ ကံ ကံ၏အကျိုးတရားစသည်တို့၌ ယုံကြည်တတ်သောသဘော၊
    = (တစ်နည်း) ဘုရားအစရှိသော ကောင်းသောအာရုံတို့၌ ကြည်ညိုခြင်းသဘော၊
    လက္ခဏာ = ကောင်းသောအာရုံ၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်းလက္ခဏာ၊
    ဥပမာ = ရေနောက်ကို ကြည်လင်စေတတ်သော စကြာဝတေးမင်း၏ ပတ္တမြားရတနာကဲ့သို့၊

    ၂။ အကုသိုလ်ပြုတိုင်း ပါဝင်သော အကုသိုလ်စေတသိက်တို့၏ ပါဝင်ပုံအခြင်းအရာတို့ကို စုံစုံညီညီ ယှဉ်တွဲဖော်ပြ၍၊ ကရုဏာ၊ မုဒိတာတို့၏ ပစ္စေကယှဉ်ပုံကိုလည်း သိသာရုံမျှ ဖြေဆိုပါ။
    (၁၉၉၆၊ နံပါတ် – ၃) နှင့် (၁၉၉၃၊ နံပါတ် – ၃)

    ၃။ အပ္ပမညာနှင့် ဝိရတီစေတသိက်တို့၏ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ပုံကို ရှင်းပြ၍ ဝိရတီစေတသိက်တို့၏ အထူးပြုပုံကိုလည်း ဖြေဆိုပါ။
    အပ္ပမညာစေတသိက်တို့ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ခြင်း (၁၉၉၃၊ နံပါတ်- ၂)
    ဝိရတီစေတသိက်တို့ မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ခြင်း
    ဝိရတီစေတသိက်တို့သည် ကုသိုလ်သဘောရှိ၏၊ မဟာဝိပါက်စိတ်သည် အဗျာကတသဘောရှိ၏။ ဤသို့ ဇာတ်သဘောကွဲပြားသောကြောင့် ဝိရတီစေတသိက်တို့သည် မဟာဝိပါက်စိတ်၌ မယှဉ်နိုင်ပါ။
    ဝိရတီစေတသိက်တို့ အထူးပြုပုံ
    ဝိရတီစေတသိက်တို့သည် ကာမာဝစရကုသိုလ်စိတ်တို့၌သာ ယှဉ်၍ ဝိပါက်၊ ကြိယာစိတ်တို့၌ မယှဉ်သောကြောင့် ကုသိုလ်စိတ်တို့မှ ဝိပါက်၊ ကြိယာစိတ်တို့ကို အထူးပြုပါသည်။ ဤသို့ဖြင့် ကာမသောဘဏစိတ်ချင်း ကွဲပြားထူးခြားအောင် ပြုပါသည်။

    ၂၀၀၆-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ စေတသိက်သည် စိတ်နှင့်ယှဉ်၏ ဟုဆိုရာ အဘယ်ကဲ့သို့ဖြစ်ခြင်းကို ယှဉ်သည်ဟု ဆိုပါသနည်း။ ဖြေဆို၍ ဉာဏ်နှင့်ဒိဋ္ဌိတို့၏ ထူးခြားဟန်ကိုလည်း ပေါ်လွင်ထင်ရှားအောင် ရေးသားဖြေဆိုပါ။
    စေတသိက်သည် စိတ်နှင့်ယှဉ်၏ ဟုဆိုရာ-
    (၁) ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း
    (၂) ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း
    (၃) ဧကာလမ္ဗဏ = စိတ်နှင့်အာရုံတူခြင်း
    (၄) ဧကဝတ္တုက = စိတ်နှင့်မှီရာတူခြင်း ဟူသော စေတောယုတ္တလက္ခဏာနှင့် ပြည့်စုံခြင်းကို “ယှဉ်သည်”ဟု ဆိုပါသည်။
    ဉာဏ်နှင့်ဒိဋ္ဌိအထူး (၂၀၀၃၊ နံပါတ်-၁)

    ၂။ သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုပါလျက် ထိုဆင်းရဲဒုက္ခ မကင်းပျောက်ခဲ့လျှင် ကရုဏာဟု ဆိုနိုင်၊ မဆိုနိုင် အကြောင်းပြဖြေဆိုပြီးလျှင်၊ ဝိရတိယော နာမ ၌ ဝိရတီ၏ အဓိပ္ပါယ်နှင့်အပြား တို့ကိုလည်း ရေးသားဖြေဆိုခဲ့ပါ။
    ကရုဏာဟူသည် သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်နိုင်သည်ဖြစ်စေ၊ မပယ်ဖျောက်နိုင်သည်ဖြစ်စေ သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုခြင်းလက္ခဏာရှိသောကြောင့် သူတပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုပါလျက် ထိုဆင်းရဲဒုက္ခ မကင်းပျောက်သော်လည်း ကရုဏာဟု ဆိုနိုင်ပါသည်။
    ဝိရတီ၏အဓိပ္ပါယ်
    အသက်မွေးဝမ်းကြောင်းနှင့်မဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါး၊ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်တတ်သောကြောင့် ဝိရတီမည်ပါသည်။
    ဝိရတီအပြား
    (၁) သမ္မာဝါစာ ဝိရတီ (၂) သမ္မာကမ္မန္တ ဝိရတီ (ဂ) သမ္မာအာဇီဝ ဝိရတီအားဖြင့် ၃-ပါး အပြားရှိပါသည်။

    ၃။ ကာမနယ်ပယ်တွင် သနားခြင်းနှင့် ဝမ်းမြောက်ခြင်းသည် အတူတကွယှဉ်တွဲ၍ ဖြစ်နိုင်၊ မဖြစ်နိုင် အကြောင်းပြ၍ ဖြေဆိုပြီးလျှင်၊ မနောဓာတုတ္တိက- ၌ မနောဓာတ်၏ အဓိပ္ပါယ်ကိုလည်း ရှင်းပြခဲ့ပါ။
    သနားခြင်း (ကရုဏာ) နှင့် ဝမ်းမြောက်ခြင်း(မုဒိတာ) တို့သည် ကာမနယ်ပယ်တွင် အတူတကွ ယှဉ်တွဲ၍ မဖြစ်နိုင်ပါ။ အကြောင်းမှာ- ကရုဏာသည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုပြီး၊ မုဒိတာသည် သုခိတသတ္တဝါပညတ်ကို အာရုံပြု၏။ ဤသို့ အာရုံခြင်းမတူသောကြောင့် ကာမနယ်ပယ်ဖြစ်သော မဟာကုသိုလ်စိတ်နှင့် မဟာကြိယာစိတ်တို့တွင် အတူတကွ ယှဉ်တွဲ၍ မဖြစ်နိုင်ပါ။
    မနောဓာတ် အဓိပ္ပါယ် (၁၉၉၈၊ နံပါတ်-၃)

    ၂၀၀၇-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၁။ စိတ်မှာ အဟိတ်စိတ်ရှိသကဲ့သို့ စေတသိက်မှာ အဘယ့်ကြောင့် အဟိတ်စေတသိက် မရှိပါသနည်း။ အကြောင်းပြဖြေဆို၍ အဒေါသဖြင့် မေတ္တာ၊ တတြမဇ္ဈတ္တတ္တာဖြင့် ဥပေက္ခာကိုယူရခြင်း၏ အကြောင်းကိုလည်း ရှင်းလင်းဖြေဆိုပါ။
    အဟိတ်စေတသိက်မရှိခြင်း
    အဟိတ်စိတ်၌သာ သီးခြားယှဉ်သောစေတသိက် မရှိခြင်းကြောင့် အဟိတ်စေတသိက် မရှိခြင်း ဖြစ်ပါသည်။
    အဒေါသဖြင့် မေတ္တာကို ယူရခြင်း (၁၉၉၅၊ နံပါတ်-၁)

    ၂။ အသိတရားသည် လူသားတို့အား ကျေးဇူးများသောကြောင့်ဖြစ်၍ “သညာသိ၊ ဝိညာဏ်သိ၊ ပညာသိ”ဟူသော အဘိဓမ္မာလာ စကားရပ်တို့၏ အသိတရား ထူးခြားဆန်းကြယ် ကွဲပြားမှုကို ဥပမာပြ၍ လူအများနားလည်အောင် ရှင်းပြခဲ့ပါ။
    အသိ ၃-မျိုးအထူး(၁၉၉၀၊ နံပါတ်-၂)

    ၃။ “ရုပ်နာမ်ဓမ္မ၊ သင်္ခါရကို ငါ- ဟု ထောင်လွှား အမြင်မှားကာ ဖြစ်ကုန်စွာ၏”ဟု ဆိုရာ၌ မာနနှင့်ဒိဋ္ဌိတို့သည် တူသောသဘောရှိသောကြောင့် တစ်ခုသော စိတ္တုပ္ပါဒ်၌ အတူတကွဖြစ်နိုင်၊ မဖြစ်နိုင် ဥပမာအားဖြင့် ထင်စွာပြ၍ ဖြေဆိုခဲ့ပါ။
    မာနနှင့် ဒိဋ္ဌိ (၁၉၉၂၊ နံပါတ်-၂)

    ၂၀၀၈-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၄။ သုခမည်ပုံနှင့် ၎င်း၏လက္ခဏာကို ဥပမာပြ ဖြေဆိုပြီးလျှင် ဧကဂ္ဂတာမည်ပုံနှင့် လက္ခဏာကိုလည်း ဂုဏ်ထူးဆောင်ပီပီ ပေါ်လွင်ထင်ရှားအောင် ရေးသားခဲ့ပါ။
    သုခမည်ပုံနှင့် ၎င်း၏လက္ခဏာ
    မိမိနှင့်ယှဉ်ဘက် သမ္ပယုတ်တရားတို့ကို ချမ်းသာစေတတ်သောကြောင့် သုခမည်ပါသည်။
    ဣဋ္ဌာရုံကို ခံစားခြင်းလက္ခဏာ ရှိပါသည်။
    ဥပမာ- ကောင်းသောဘောဇဉ်၏ အရသာကို သာယာတတ် ခံစားတတ်သော မင်းကဲ့သို့။
    ဧကဂ္ဂတာမည်ပုံနှင့် ၎င်း၏လက္ခဏာ
    တစ်ခုတည်းသော အာရုံရှိသော စိတ်၏ဖြစ်ကြောင်းဖြစ်သောကြောင့် သမာဓိသည် ဧကဂ္ဂတာ မည်ပါသည်။
    မပျံ့လွင့်ခြင်း တည်ကြည်ခြင်းလက္ခဏာ ရှိပါသည်။

    ၅။ ဖဿ- စသော တစ်ပါးသော သမ္ပယုတ်တရားများရှိလျက် ဝိတက်စသောငါးပါးကိုသာ ဈာန်အင်္ဂါဟု ဆိုရခြင်းအကြောင်းကို ရေးသားပြီးလျှင်၊ “အရှက်အကြောက် ကြီးလွန်းတယ်”ဟူသောစကား၌ အရှက်အကြောက်တို့၏ သဘောသဘာဝအားဖြင့် ခြားနားပုံကို ဥပမာပြ၍ ရှင်းလင်းဖြေဆိုပါ။
    ဝိတက်စသော ငါးပါးကိုသာ ဈာန်အင်္ဂါဟု ဆိုရခြင်းအကြောင်း
    ဖဿစသော တစ်ပါးသော သမ္ပယုတ်တရားများ ရှိပါသော်လည်း ကသိုဏ်းစသောအာရုံတို့ကို ကပ်၍ရှုခြင်းကိစ္စ ရှိကြသောကြောင့်လည်းကောင်း၊ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်လည်းကောင်း၊ ဝိတက်စသော ငါးပါးကိုသာ ဈာန်အင်္ဂါဟု ဆိုရခြင်းဖြစ်ပါသည်။
    အရှက်အကြောက်တို့၏သဘော (၁၉၉၆ -၂)

    ၆။ မချစ်ယှဉ်တွဲ ချစ်သူကွဲနှင့် လိုလည်းမရ ဆင်းရဲကြသောပုဂ္ဂိုလ်များ၏ ဆင်းရဲမှ ကင်းပျောက်စေတတ်သော တရားများကို အဘိဓမ္မာအမြင်ဖြင့် ဖော်ပြပြီးလျှင်၊ မုဆိုး ၊ ဓမြ၊ သူခိုးစသည်တို့သည် ဒုစရိုက်မှုကို စွန့်၍ မိမိတို့ရရှိထားသော ပစ္စည်းများကို မစွန့်ပဲ သုံးစွဲနေပါလျှင် သမ္မာအာဇီဝ ဖြစ်နိုင်၊ မဖြစ်နိုင် အကြောင်းပိုင်ပိုင် ဆုံးဖြတ်ပြပါ။
    မချစ်ယှဉ်တွဲ ချစ်သူကွဲနှင့် လိုလည်းမရ ဆင်းရဲကြသောပုဂ္ဂိုလ်များ၏ ဆင်းရဲမှ ကင်းပျောက်စေတတ်သော တရားများမှာ-
    အလောဘ၊ အဒေါသ အမောဟတို့ ဖြစ်ပါသည်။
    သူခိုးစသည်တို့သည် ဒုစရိုက်မှုကိုစွန့်၍ မိမိတို့ရရှိထားသော ပစ္စည်းများကို မစွန့်ပဲ သုံးစွဲနေပါလျှင် သမ္မာအာဇီဝ ဖြစ်နိုင်ပါသည်။
    သမ္မာအာဇီဝဖြစ်မှု၌ ရရှိထားသောပစ္စည်းကို စွန့်လွှတ်မှုသည် ပဓာနမဟုတ်ပေ၊ ဒုစရိုက်မှုကို စွန့်လွှတ်မှုသည်သာ ပဓာနဖြစ်ပါသည်။ ထို့ကြောင့် အသက်မွေးမှုနှင့်စပ်သော ဒုစရိုက်မှုကို စွန့်လွှတ်ရှောင်ကြဉ်လိုက်သည်နှင့် တပြိုင်နက် သမ္မာအာဇီဝဝိရတီ ဖြစ်နိုင်ပါသည်။

    ၇။ မဟာကုသိုလ်စိတ် သင်္ဂဟနည်း၌ အပ္ပမညာ ဝိရတီတို့သည် အသီးသီး တစ်ခုစီ တစ်ခုစီ ယှဉ်ရခြင်းအကြောင်းကို ဖြေဆိုပြီး၊ မဟာကြိယာစိတ်၌ ဝိရတီကြဉ်ရခြင်း အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
    မဟာကုသိုလ်စိတ် သင်္ဂဟနည်း၌ အပ္ပမညာ ဝိရတီတို့သည် အသီးသီး တစ်ခုစီ တစ်ခုစီ ယှဉ်ရခြင်းအကြောင်း
    အပ္ပမညာတို့သည် သတ္တဝါပညတ်ကို အာရုံပြုကြသောကြောင့်လည်းကောင်း၊ ဝိရတီတို့သည် ဝီတိက္ကမိတဗ္ဗဝယတ္ထုကို အာရုံပြုကြသောကြောင့်လည်းကောင်း အပ္ပမညာ ဝိရတီတို့သည် စိတ္တုပ္ပါဒ်တစ်ခုတည်း၌ အတူတကွ မဖြစ်နိုင်ကြပဲ အသီးသီး တစ်ခုစီ တစ်ခုစီ ယှဉ်ရခြင်းဖြစ်ပါသည်။

    ၂၀၀၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၅။ စိတ်ကိုမှီတွယ် ခြယ်လှယ်တတ်သော စေတသိက်တို့၏ လက္ခဏာလေးပါးတွင် ဧကဝတ္တုကသဒ္ဒါ ထည့်ဆိုရခြင်းအကျိုးကို ရေးသားဖြေဆို၍၊ ဒိဋ္ဌိနှင့် မာနတို့၏ စိတ်တစ်ခုတည်း၌ မဖြစ်နိုင်ပုံကိုလည်း ဥပမာဆောင်၍ ပေါ်လွင်အောင် ရေးသားခဲ့ပါ။
    “ဧကဝတ္တုက” သဒ္ဒါထည့်ဆိုရခြင်းအကျိုး (၁၉၉၉ – ၁)
    ဒိဋ္ဌိနှင့် မာနတို့၏ စိတ်တစ်ခုတည်း၌ မဖြစ်နိုင်ပုံ (၁၉၉၂ – ၂)

    ၆။ အသက်မွေးမှုကို အကြောင်းပြု၍ ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဝိရတီဖြစ်မဖြစ် စိစစ်ဖြေဆို၍၊ ဉာဏ်နှင့် ဒိဋ္ဌိတို့၏အထူးကိုလည်း ပေါ်လွင်အောင် ရေးသားဖြေဆိုခဲ့ပါ။
    အသက်မွေးမှုကို အကြောင်းပြု၍ ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဝိရတီ မဖြစ်ပါ။
    “အသက်မွေးမှုလျှင် အကြောင်းမရှိသော ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်တတ်သော သဘောသည် သမ္မာဝါစာ ဝိရတီမည်၏” ဟု ဖွင့်ဆိုချက်အရ အသက်မွေးမှုကို အကြောင်းပြု၍ ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဝိရတီ မဖြစ်ပါ။
    (သမ္မာအာဇီဝ ဝိရတီသာ ဖြစ်ပါသည်။)
    ဉာဏ်နှင့် ဒိဋ္ဌိတို့၏အထူး (၂၀၀၃ – ၁)

    ၇။ “သောကသည် ကရုဏာယောင်ဆောင်သည်” ဟု ဆိုကြရာ ကရုဏာအစစ်၏ သဘောလက္ခဏာကို ဋီကာကျော်နှင့်အညီ ရေးသားဖြေဆို၍ ပညိနြေ္ဒ၌ (က) ပညာမည်ခြင်း၏ အကြောင်း၊ (ခ) ဣနြေ္ဒမည်ခြင်း၏ အကြောင်းတို့ကိုလည်း မှန်ကန်စွာ ဖြေဆိုခဲ့ပါ။
    ကရုဏာအစစ်၏ သဘောလက္ခဏာ
    သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်လိုခြင်းလက္ခဏာ ရှိပါသည်။

    ပညိနြေ္ဒ၌
    (က) ပညာမည်ခြင်း = အမျိုးမျိုးအစားစား အပြားအားဖြင့် သိတတ်၊ အနိစ္စစသည်တို့၏အစွမ်းဖြင့် ထိုးထွင်း၍ သိတတ်သောကြောင့် ပညာမည်၏။
    (ခ) ဣနြေ္ဒမည်ခြင်း = ထိုပညာသည်ပင် အနိစ္စစသော သာမညလက္ခဏာ၊ ကက္ခဠတ္တဖုသနစသော ဝိသေသလက္ခဏာဟူသော ဟုတ်မှန်သောသဘောကို ထိုးထွင်း၍သိခြင်း၌ အစိုးရသောကြောင့် ဣနြေ္ဒလည်း မည်၏။

    ၂၀၁၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၅။ “စေတနာကောင်းလျှင် ကံကောင်း၏” ဟု လူအများပြောဆိုကြရာ စေတနာ၏အဓိပ္ပါယ်ကို နည်းစုံအောင် ရေးသားဖြေဆို၍၊ ဝိတက်၊ စေတနာ၊ မနသိကာရတို့၏ အထူးကိုလည်း ပေါ်လွင်အောင် ရေးသားဖြေဆိုခဲ့ပါ။
    စေတနာ၏အဓိပ္ပါယ် (၁၉၉၀ – ၁)
    ဝိတက်၊ စေတနာ၊ မနသိကာရတို့၏အထူး
    ဝိတက်သည် တကွဖြစ်ဖက်တရားတို့ကို အာရုံ၌ ရှေးရှုတင်ပေးခြင်းသဘောရှိသောကြောင့် ထိုတကွဖြစ်ဖက်တရားတို့ကို အာရုံ၌ ထည့်သွင်းသကဲ့သို့ ဖြစ်၏။
    စေတနာသည် မိမိကိုယ်တိုင် အာရုံကိုယူခြင်းဖြင့် ဝိတက်သည် တင်ပေးအပ်ပြီးဖြစ်သော တကွဖြစ်ဘက်တရားတို့ကို ထိုထိုအာရုံ၌ တိုက်တွန်းနှိုးဆော်တတ်သော စစ်ဗိုလ်ချုပ်ကြီးနှင့် တူ၏။
    မနသိကာရသည် ထိုတကွဖြစ်ဘက်တရားတို့ကို အာရုံ၌ ရှေးရှုတင်စေတတ်သောကြောင့် အာဇာနည် သိန္ဓောမြင်းတို့ကို ဖြောင့်ဖြောင့်သွားအောင် ယှဉ်စေတတ် မောင်းနှင်တတ်သော ရထားထိန်းနှင့်တူ၏။ ဤသို့ ထူးပါသည်။

    ၆။ မိမိထက် အသိပညာ၊ အတတ်ပညာ၊ ရုပ်အဆင်းတို့၌ သာလွန်သောပုဂ္ဂိုလ်ကိုတွေ့လျှင် ဝမ်းမမြောက်နိုင်ပဲ မနာလိုမှုဖြစ်သော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဖြစ်သောစေတသိက်ကို တိကျစွာ ထုတ်ပြ၍၊ ၎င်းစေတသိက်၏ (က) အဓိပ္ပါယ်၊ (ခ) လက္ခဏာတို့ကိုလည်း မှန်ကန်စွာ ဖြေဆိုခဲ့ပါ။
    မိမိထက် အသိပညာ၊ အတတ်ပညာ၊ ရုပ်အဆင်းတို့၌ သာလွန်သောပုဂ္ဂိုလ်ကိုတွေ့လျှင် ဝမ်းမမြောက်နိုင်ပဲ မနာလိုမှုဖြစ်သော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဖြစ်သောစေတသိက်မှာ- ဣဿာဖြစ်ပါသည်။
    (က) ဣဿာ၏အဓိပ္ပါယ်
    သူတပါးစည်းစိမ်ကို ငြူစူတတ် မနာလိုတတ်သောသဘော ဖြစ်ပါသည်။
    (ခ) ဣဿာ၏လက္ခဏာ
    သူတပါးစည်းစိမ်ချမ်းသာကို ငြူစူခြင်း မနာလိုခြင်း လက္ခဏာရှိပါသည်။

    ၇။ “နတ်၊ ဘိုးတော်စသော ပုဂ္ဂိုလ်တို့ကို ကိုးကွယ်လျှင် စီးပွါးဥစ္စာတိုးတက်သည်”ဟု ယုံကြည်၍ ထိုနတ်၊ ဘိုးတော်တို့ကို ကိုးကွယ်သောပုဂ္ဂိုလ်၏ ယုံကြည်ခြင်းသည် သဒ္ဓါတရားအစစ်ဖြစ်၊ မဖြစ် ဗုဒ္ဓအမြင်ဖြင့် သုံးသပ်ဖြေဆို၍၊ “သဗ္ဗထာပိ နိယတာ ဧကတောဝ လဗ္ဘန္တိ” ၌ အောက်ပါတို့၏ အဓိပ္ပါယ်ကို ဋီကာဆရာအလိုကျ ဖြေဆိုခဲ့ပါ။
    (က) သဗ္ဗထာပိ၊ (ခ) ဧကတော။
    နတ်၊ ဘိုးတော်တို့ကို ကိုးကွယ်သောပုဂ္ဂိုလ်၏ ယုံကြည်ခြင်းသည် သဒ္ဓါတရားအစစ် မဖြစ်ပုံ
    သဒ္ဓါဟူသည် ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုးတရားတို့ကို ယုံကြည်ခြင်းဖြစ်၏။ ထို့ကြောင့် နတ်၊ ဘိုတော်တို့ကို ကိုးကွယ်သော ပုဂ္ဂိုလ်၏ ယုံကြည်ခြင်းသည် သဒ္ဓါတရားအစစ် မဖြစ်ပါ။
    (က) သဗ္ဗထာပိ၏ အဓိပ္ပါယ်
    လောကုတ္တရာဝိရတီ ၃-ပါးတို့၏ ထိုထိုဒုစရိုက်၊ ဒုရာဇီဝတို့၏ ဆန့်ကျင်ဘက် အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို ဆိုလိုပါသည်။
    (ခ) ဧကတော၏ အဓိပ္ပါယ်
    မဂ်ဖြင့် ထိုထိုဒုစရိုက်၊ ဒုရာဇီဝတို့ကို တပြိုင်နက် ပယ်ဖြတ်ခြင်း၏ အစွမ်းဖြင့် လောကုတ္တရာဝိရတီ ၃-ပါးတို့၏ တစ်ပေါင်းတည်းဖြစ်ခြင်းကို ဆိုလိုပါသည်။

    ၂၀၁၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၅။ ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးအား ပြောဆိုတိုက်တွန်းမှုမပါပဲ ကြီးပွါးချမ်းသာစေလိုခြင်းသည် မုချအားဖြင့် စေတနာဟုတ် မဟုတ် အဘိဓမ္မာနည်းအရ စစ်တမ်းထုတ်၍ ဖြေဆိုပြီးလျှင်၊ သဒ္ဓါစစ်နှင့် သဒ္ဓါတုကိုလည်း ပေါ်လွင်ထင်ရှားအောင် ရေးသားဖြေဆိုခဲ့ပါ။
    ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးအား ပြောဆိုတိုက်တွန်းမှုမပါပဲ ကြီးပွါးချမ်းသာစေလိုခြင်းသည် မုချအားဖြင့် စေတနာ မဟုတ်ပါ။ ကုသလစ္ဆန္ဒခေါ် သမ္မာဆန္ဒသာဖြစ်ပါသည်။
    ထိုသမ္မာဆန္ဒကို အခြေခံကာ ကြီးပွါးချမ်းသာကြောင်း နည်းလမ်းကောင်းများကို ပြောဆိုညွှန်ကြားလျက် တိုက်တွန်းသောအခါမှသာ စေတနာဖြစ်ပါသည်။
    သဒ္ဓါစစ် နှင့် သဒ္ဓါတု
    ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန်ဟူသော ရတနာသုံးတန်၊ ကံကံ၏အကျိုး၊ ပစ္စုပ္ပန်ဘဝ တမလွန်ဘဝများကို ယုံကြည်မှုသည်သာ သဒ္ဓါစစ်ဖြစ်၍၊ ဘုရားတု ဘုရားယောင်၊ တရားတု တရားယောင်၊ သံဃာတု သံဃာယောင်စသည်တို့ကို ယုံကြည်မှုမျိုးသည် သဒ္ဓါတု (မိစ္ဆာဓိမောက္ခ) ဖြစ်ပါသည်။

    ၆။ ဝိရတီစေတသိက်တို့သည် ဖိုလ်စိတ်တို့၌ အမြဲတမ်း အတူတကွဖြစ်ခြင်း၏အကြောင်းကို ရေးသားဖြေဆို၍ ၊ အောက်ပါတို့၏ သဘောအဓိပ္ပါယ်ကိုလည်း သိသာပေါ်လွင်အောင် ဖြေဆိုခဲ့ပါ။
    (က) ဒုစရိုက် (ခ) ဒုရာဇီဝ။
    ဝိရတီစေတသိက်တို့ ဖိုလ်စိတ်၌ အမြဲတမ်း အတူတကွ ဖြစ်ရခြင်းအကြောင်း (၂၀၀၁-၃)
    (က) ဒုစရိုက် နှင့် (ခ) ဒုရာဇီဝတို့၏သဘော
    မကောင်းဆိုးသွမ်းစွာ ကျင့်အပ်သောအမှုသည် ဒုစရိုက်မည်၏။ ကာယဒုစရိုက် ၃-ပါး ၊ ဝစီဒုစရိုက် ၄-ပါး ရှိပါသည်။ ထိုအမှုတို့သည် အသက်မွေးဝမ်းကြောင်းနှင့် မသက်ဆိုင်လျှင် ဒုစရိုက်သာမည်၏။ ထိုအမှု ၇-ပါးတို့သည်ပင် အသက်မွေးဝမ်းကြောင်းနှင့်သက်ဆိုင်လျှင် ဒုရာဇီဝမည်ပါသည်။

    ၇။ သနားခြင်း ဝမ်းမြောက်ခြင်းတို့သည် အရူပကုသိုလ်ကံနှင့် ယှဉ်သောစိတ်တို့၌ ယှဉ်နိုင်၊ မယှဉ်နိုင် အကြောင်းပြ၍ ဖြေဆိုပြီးလျှင်၊ ဣဿာနှင့် မစ္ဆရိယတို့၏ အတူတကွ မဖြစ်နိုင်ခြင်း၏ အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
    သနားခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သည် အရူပကုသိုလ်ကံနှင့်ယှဉ်သောစိတ်တို့၌ မယှဉ်နိုင်ပါ။
    အရူပကုသိုလ်ကံနှင့် ယှဉ်သောစိတ်သည် ဥပေက္ခာသဟဂုတ်စိတ်ဖြစ်ပါသည်။ အပ္ပနာသို့ရောက်သော အပ္ပမညာတို့သည် တစ်ခါတစ်ရံမျှ သောမနဿနှင့်ကင်း၍ မဖြစ်သောကြောင့် သနားခြင်း(ကရုဏာ)၊ ဝမ်းမြောက်ခြင်း (မုဒိတာ)တို့သည် အရူပကုသိုလ်ကံနှင့် ယှဉ်သောစိတ်တို့၌ မယှဉ်နိုင်ပါ။
    ဣဿာနှင့် မစ္ဆရိယတို့ အတူတကွ မဖြစ်နိုင်ခြင်းအကြောင်း
    ဣဿာသည် သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်းသဘော၊ မစ္ဆရိယသည် မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုခြင်းသဘောဖြစ်၏။ ဤသို့ အာရုံမတူခြင်းကြောင့် ဣဿာနှင့် မစ္ဆရိယတို့ အတူတကွ မဖြစ်နိုင်ခြင်း ဖြစ်ပါသည်။

    ၂၀၁၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

    ၅။ ဖဿသည် နာမ်တရားဖြစ်၍ အာရုံကို တွေ့ထိတတ်သောသဘောမရှိသည် ဖြစ်ပါလျက် အဘယ့်ကြောင့် ဖဿကို တွေ့ထိခြင်းလက္ခဏာ ရှိသည်ဟု ဆိုရပါသနည်း။ ဥပမာနှင့်တကွ ဖြေဆို၍၊ အာရုံကို အလိုရှိပုံချင်းတူသော ဆန္ဒနှင့် လောဘအထူးကိုလည်း ရေးသားခဲ့ပါ။
    ဖဿသည် နာမ်တရားဖြစ်၍ အာရုံကို တွေ့ထိတတ်သောသဘော မရှိသည်ဖြစ်ပါလျက် ဖဿကို တွေ့ထိခြင်းလက္ခဏာရှိသည်ဟု ဆိုရခြင်းအကြောင်း
    ဖဿသည် နာမ်တရားဖြစ်၍ အာရုံကိုတွေ့ထိတတ်သောသဘော မရှိသည်ဖြစ်သော်လည်း အာရုံ၌ တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်တတ်သောကြောင့် ဖဿကို တွေ့ထိခြင်းလက္ခဏာရှိသည်ဟု ဆိုရခြင်းဖြစ်ပါသည်။
    ဖဿ၏ အာရုံ၌တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပုံမှာ ချဉ်သီးစားနေသူကို မြင်ရသော အခြားသူတစ်ယောက်၏ ခံတွင်းချဉ်၍ တံတွေးယိုသကဲ့သို့ဖြစ်ပါသည်။

    ၆။ “မေတ္တာခြုံမှ လုံသည်”ဟူသော စကားအရ အဘယ်သို့သဘောရှိသော အဘယ်တရားသည် “မေတ္တာ”မည်ပါသနည်း၊ ဋီကာကျော်အရ ဖြေဆို၍ အောက်ပါတို့၏ အဓိပ္ပါယ်ကိုလည်း ရေးသားခဲ့ပါ။
    (က) ကရုဏာ (ခ) မုဒိတာ
    မေတ္တာ
    သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသောသဘောရှိသော အဒေါသစေတသိက်သည် မေတ္တာမည်ပါသည်။
    (က) ကရုဏာ
    သူတပါး၏ ဆင်းရဲဒုက္ခကို မြင်ရသည်ရှိသော် သူတော်ကောင်းတို့၏ စိတ်နှလုံးပင်ပန်းခြင်းကို ပြုတတ်ဖြစ်စေတတ်သောကြောင့် ကရုဏာမည်ပါသည်။
    (ခ) မုဒိတာ
    မုဒိတာနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့၏ (တစ်နည်း) သမ္ပယုတ်တရားတို့၏ ဝမ်းမြောက်ကြောင်း ဖြစ်သောကြောင့် မုဒိတာ မည်ပါသည်။

    ၇။ မိတ်ဆွေသင်္ဂဟတို့အား ပေးရချေးငှားရမည်စိုး၍ မိမိပိုင်ပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းနေသူ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်ကို တိကျစွာဖော်ပြ၍၊ ထောင်လွှားတက်ကြွ၊ မြင့်လွန်းလှသော မာန်မာန စေတသိက်တရား၏ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌သာ ရအပ်ခြင်းအကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
    မိတ်ဆွေသင်္ဂဟတို့အား ပေးရချေးငှားရမည်စိုး၍ မိမိပိုင်ပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းနေသူ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်မှာ-
    ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်ဖြစ်ပါသည်။
    မာနစေတသိက်တရား၏ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌သာ ရအပ်ခြင်းအကြောင်း
    မာနသည် ဒိဋ္ဌိနှင့် အတူတကွ တစ်ခုတည်းသော စိတ္တုပ္ပါဒ်၌ မဖြစ်နိုင်ပါ။ ဒေါသမူ၊ မောဟမူစိတ်တို့၌လည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌သာ ရအပ်ပါသည်။

    Leave a Reply

    Your email address will not be published. Required fields are marked *